Dual Purpose ဆိုင်ကယ်များနှင့် အခြေခံ Off-Road မောင်းနှင်နည်းများ အပိုင်း(၉)

1520

Lawrence Peace

(၃) မတ်တတ်ရပ်ပြီး မောင်းပါ။
Off-Road မောင်းမယ်ဆိုရင်တော့ မတ်တတ်ရပ်ပြီးမောင်းတာကို အကျင့်လုပ်ထားသင့်ပါတယ်။ On-Road မှာတော့ ဆိုင်ကယ်ကို ကြိုက်သလို စောင်းလိုက်တည့်လိုက်လုပ်ကြပြီး ကွေ့ကြ၊ မောင်းနှင်ကြပါတယ်။ ဒါပေမဲ့ Off-Road မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ တတ်နိုင်သမျှ ဆိုင်ကယ်ကို တည့်တည့်ထောင်နေအောင် သတိထားမောင်းနှင်ရပါတယ်။ အဲဒီအခါမှာ မတ်တတ်ရပ်ပြီးမောင်းနှင်ကြရပါတယ်။ မတ်တတ်ရပ်လိုက်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ဟာ ဆိုင်ကယ်ရဲ့ ခြေနင်းနှစ်ဖက်မှာရှိနေပြီး CG ခေါ် Centre of Gravity ဟာလည်း ခြေနင်းနှစ်ဖက်ပေါ်ကို ကျရောက်သွားပါတယ်။ အဲဒီအခါမှာ CG နိမ့်သွားတဲ့အတွက် မှောက်ဖို့၊ လဲဖို့ အခွင့်အရေးတွေလည်း နည်းပါးသွားပြီး ဆိုင်ကယ်က ပိုပြီးတည်ငြိမ်လာပါတယ်။ တကယ်လို့များ ထိုင်လိုက်မယ်ဆိုရင်တော့ လူခန္ဓာကိုယ်ရဲ့ အလေးချိန်တွေအားလုံးက ဆိုင်ကယ်ရဲ့ထိုင်ခုံပေါ်ကို ကျရောက်သွားပါတယ်။ ဆိုင်ကယ်နဲ့လူနဲ့ပေါင်းပြီး စုစုပေါင်းအလေးချိန် ဗဟိုချက်က လူရဲ့တင်ပါးနေရာ ဆိုင်ကယ်ရဲ့ ထိုင်ခုံဝန်းကျင်မှာရောက်ရှိသွားတာပါ။ အဲဒါကြောင့် CG လည်း မြင့်သွားပြီး မှောက်ဖို့၊ လဲဖို့ အခွင့်အလမ်းတွေလည်း များပြားသွားပါတယ်။ လမ်းလည်းကြမ်းမယ် အမြန်နှုန်းလည်းလိုချင်တယ် ဆိုရင်တော့ မတ်တတ်ရပ်ပြီးသာ မောင်းပါ။ မတ်တတ်ရပ်တဲ့နေရာမှာ Attack Position ကို ရအောင်ယူပါ။ Attack Position ဆိုတာကတော့ လူက ဆိုင်ကယ်ခြေနင်းပေါ်မှာ မတ်တတ်ရပ် ဒူးကိုအနည်းငယ်ကွေးပြီး ဆိုင်ကယ်ဘော်ဒီကို ဒူးနဲ့ ညှပ်ထိန်း၊ ခန္ဓာကိုယ်ကို ရှေ့ကိုနည်းနည်းယိုင်၊ တံတောင်ကို အနောက်ဘက်ကို အနည်းငယ် ပစ်ထားတဲ့ ပုံစံပါ။ မညီမညာတဲ့လမ်းတွေပေါ်ကို အရှိန်နဲ့ မောင်းသွားတဲ့အခါမှာ ဆိုင်ကယ်က ခုန်လာပါလိမ့်မယ်။ အဲဒီအခါမှာ ဆိုင်ကယ်တစ်စီးလုံးကို မိမိပေါင်ကြားထဲမှာပဲ အထက်အောက် လွတ်လပ်စွာ လှုပ်ရှားနေပါစေ။ ဆိုင်ကယ်အထက်အောက် လှုပ်ရှားတဲ့အတိုင်းပဲ မိမိကလည်း ဒူးတွေကို ကွေးလိုက်ဆန့်လိုက်လုပ်ပြီး အလိုက်သင့်လှုပ်ရှားပါ။ ကွေ့မယ်ဆိုရင်လည်း ဒူးနဲ့ထိန်းပြီး တွန်းပြီးကွေ့ပါ။ ဥပမာ ဘယ်ဘက်ကို ကွေ့မယ်ဆိုရင် ဘယ်ခြေထောက်က ဘယ်ဘက်ခြေနင်းပေါ်ကို ဖိနင်း အလေးချိန်ပိုစေလိုက်ပြီး ညာခြေနင်းကို အနည်းငယ်ဖွ ညာဒူးနဲ့ ဆိုင်ကယ်ဘော်ဒီကို ဘယ်ဘက်ကိုတွန်းပို့ ဆိုင်ကယ်ကို ဘယ်ဘက် အနည်းငယ်စောင်းစေပြီး ကွေ့တဲ့ပုံစံပါ။

(၄) ခြေဖျားတွေကို အတွင်းဘက်ပို့ထားပါ။
Toe in လုပ်ထားတယ်လို့ ခေါ်ပါတယ်။ ဘယ်ညာခြေဖျား နှစ်ဖက်ကို ဘေးကို မကားထားပါနဲ့။ မောင်းနေရင်းနဲ့မတော်တဆ ကျောက်တုံးတွေ သစ်ပင်သစ်ငုတ်တွေနဲ့ တိုက်မိခိုက်မိရင် ခြေထောက်လည်ထွက်သွားနိုင်ပါတယ်။ ခြေသပွတ်တိုင်လည်သွားနိုင်သလို အရိုးအဆက်နေရာကအရွတ်တွေ ပြဲသွားနိုင်ပါတယ်။ အဲဒါကြောင့် ခြေဖျားတွေကို ဘရိတ်လီဗာ၊ ဂီယာလီဗာတံတွေပေါ်ကို တင်ထားပြီး အတွင်းဖက်ကို တက်နိုင်သမျှ ကပ်ထားသင့်ပါတယ်။ Off-Road ဆိုင်ကယ်တွေ အားလုံးလိုလိုမှာလည်း နောက်ဘရိတ်လီဗာနဲ့ ဂီယာလီဗာတံလေးတွေကို အပြင်ကိုမထွက်စေဘဲ ခပ်သေးသေးပဲပြုလုပ်ထားတာ တွေ့ရမှာပါ။ အဲ့ဒါကြောင့် လီဗာတံတွေပေါ် ခြေဖျားကို မိမိရရ တင်ထားမယ်ဆိုရင် ခြေဖျားလေးတွေဟာလည်း အတွင်းဘက်ကိုကပ်နေမှာပါ။ အစကတည်းက ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားတဲ့သဘောပါ။

(၅) ကလပ်လီဗာနဲ့ ရှေ့ဘရိတ်လီဗာပေါ်ကို လက်ချောင်းလေးတွေ အဆင်သင့်တင်ထားပါ။
ကလပ်လီဗာနဲ့ ရှေ့ဘရိတ်လီဗာပေါ်ကို လက်ညိုးတစ်ချောင်းပဲဖြစ်ဖြစ် လက်ညိုးနဲ့လက်ခလယ်ပဲ ဖြစ်ဖြစ် မိမိအားသန်သလို တင်ထားသင့်ပါတယ်။ လိုအပ်တာနဲ့ ချက်ချင်းအသုံးပြုနိုင်အောင် အဆင်သင့်ပြုလုပ်ထားတဲ့ သဘောပါ။ Off-Road မှာတော့ အေးအေးဆေးဆေးနဲ့ သက်သောင့်သက်သာမောင်းနှင်နိုင်ပါတယ်။ ကလပ်သုံးပြီး ဘယ်ဘက်လက်ကိုင်ကို အပြည့်အဝဆုပ်ကိုင်ထားတာ၊ ညာဘက်ကလည်း လီဗာကိုပဲ အပြည့်အဝဆုပ်ကိုင်ထားတာ စသဖြင့် လမ်းအခြေအနေကြည့်ပြီး အေးဆေးသက်သာစွာ မောင်းနှင်နိုင်ပါတယ်။ Off-Road Enduro မှာတော့ အဲဒီလို မဟုတ်တော့ပါဘူး။ မထင်မှတ်တဲ့အချိန်အတွင်းမှာ ရုတ်တရက်တစ်ခုခု ဖြစ်လာနိုင်တာကြောင့် အမြဲတမ်းသတိရှိနေဖို့ လိုအပ်ပါတယ်။ ကလပ် လီဗာကို အဆင်သင့်လုပ်ထားတဲ့အတွက် လိုအပ်တာနဲ့ချက်ချင်း ဂီယာကို တင်နိုင် ချနိုင်ပါတယ်။ ရှေ့ဘရိတ်ကို အဆင်သင့်လုပ်ထားတာကြောင့်လည်း လိုအပ်တာနဲ့ ချက်ချင်းပဲ ဘရိတ်ဖမ်းနိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်…

 

 

 

 

 

မတ်တပ်ရပ်ပြီး Attack Position ယူပါ။ မတ်တပ်ရပ်ခြင်းအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ဟာ ဆိုင်ကယ်ရဲ့ ခြေနင်းနှစ်ဖက်ပေါ် ကိုရောက်သွားပြီး CG လည်းနိမ့်သွားပါတယ်။ မတ်တပ်ရပ်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး မလုပ်ထားပါနဲ့။ တံတောင်နဲ့ဒူးတွေကို ကွေးလိုက် ဆန့်လိုက်နဲ့ ဆိုင်ကယ်နဲ့အလိုက် လှုပ်ရှားပေးပါ။

 

 

 

 

 

Motocross Boot လည်ရှည်ဖိနပ်ဝတ်ပြီး ခြေဖျားတွေကို အတွင်းဖက်မှာ ကပ်ထားသင့်ပါတယ်။

 

 

 

 

 

ကလပ်နဲ့ ရှေ့ဘရိတ်ပေါ်ကို လက်ချောင်းလေးတွေ အဆင်သင့်တင်ထားသင့်ပါတယ်။ ပြိုင်ပွဲဝင် Professional တွေကအစ ဒီ Technique လေးကို အလေးထားကြပါတယ်။ ကလပ်နဲ့ရှေ့ဘရိတ်ကို ရုပ်တရက် အသုံးပြုနိုင်လို့ ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေစေပါတယ်။

စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေ

LEAVE A REPLY

Please enter your comment!
Please enter your name here