Dual-Purpose ဆိုင်ကယ်များနှင့် အခြေခံ Off-Road မောင်းနှင်နည်းများ  အပိုင်း ( ၈ )

1306

Lawrence Peace

မိမိရဲ့ခန္ဓာကိုယ်ကို အကာအကွယ်တွေဝတ်ဆင်ရုံနဲ့ မလုံလောက်သေးပါဘူး။ မိမိမောင်းနှင်မယ့်ဆိုင်ကယ်ကိုလည်း ပိုပြီးကြံ့ခိုင်အောင် အရေးကြီးတဲ့အကာအကွယ်တွေ တပ်ဆင်ထားသင့်ပါတယ်။ Off-Road ဆိုင်ကယ်တွေအတွက် အရေးကြီးတဲ့ အကာအကွယ်တွေကတော့ Skid Plate ၊ Handle Guard နဲ့ Handlebar Pad ခေါ် Crossbar Pad တွေပဲ ဖြစ်ပါတယ်။ Skid Plate ဆိုတာက အင်ဂျင်ရဲ့အောက်မှာ တပ်ဆင်ထားတဲ့ သတ္တုပြားအကာအကွယ်ပဲ ဖြစ်ပါတယ်။ Off-Road မောင်းနေတာ ဖြစ်တဲ့အတွက် ကျောက်တုံးကျောက်ခဲတွေ မြေသား ကမူတွေနဲ့ ဆိုင်ကယ်ရဲ့ ဝမ်းဗိုက်အောက်နဲ့ ထိမိခိုက်မိနိုင်ပါတယ်။ အဲဒီအခါမှာ Skid Plate မတပ်ထားရင်တော့ အင်ဂျင်ကွဲတာ Oil Filter ဘူးကွဲတာတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် Stock Dual Sport ဆိုင်ကယ်တွေမှာ Skid Plate မတပ်ထားကြပါဘူး။ တပ်ထားရင်လည်း ခပ်သေးသေးလေးတွေပဲ တပ်ထားတာတွေ့ရပါတယ်။ ဒါကြောင့် တခြား Accessories ကုမ္ပဏီတွေကထုတ်တဲ့ Aftermarket Skid Plate တွေကိုဝယ်ပြီး တပ်ဆင်သင့်ပါတယ်။ Handle Guard ကတော့ လက်ကိုင်အကာပဲ ဖြစ်ပါတယ်။ လက်ကိုင်အကာ တပ်ဆင်ထားတဲ့အတွက် ချုံတွေထဲ တောတိုးပြီးမောင်းရတဲ့အခါ လက်ကို သစ်ခက်တွေ၊ ဆူးပင်တွေ ရိုက်ခတ်တဲ့ဒဏ်ကနေ ကာကွယ်နိုင်ပါတယ်။ နောက်ပြီး မှောက်တဲ့၊ လဲတဲ့အခါတွေမှာလည်း လက်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။ Crossbar Pad ကတော့ Off-Road ဆိုင်ကယ်တွေရဲ့ လက်ကိုင်တန်း ပေါ်မှာ တပ်ဆင်ထားတဲ့ ဖော့တုံးလေးပဲဖြစ်ပါတယ်။ Crossbar Pad တပ်ဆင်ထားတဲ့အတွက် မတော်တဆဖြစ်တဲ့အခါမှာ ဆိုင်ကယ်ရဲ့ လက်ကိုင်ဆုံချက်နေရာ ဒိုင်ခွက်နေရာတွေနဲ့ Rider ရဲ့မျက်နှာနဲ့ ရိုက်မိခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့များ Rotary Type Steering Damper ကို တပ်ဆင်ထားမယ်ဆိုရင် Crsossbar Pad ကို အပေါ်ကနေ ထပ်ပြီးတပ်ဆင်သင့်ပါတယ်။ (Off-Road ဆိုင်ကယ်တွေမှာ Steering Damper ကို Linear Type လုံးဝမသုံးပါဘူး။ Rotary Type ပဲ သုံးရပါတယ်။ Linear Type က Road ဆိုင်ကယ်တွေမှာပဲ အသုံးပြုကြတာပါ။ ရိုးရိုး Mechanical နဲ့ ရှိသလို Electronic နဲ့လည်း လာပါတယ်။ Rotary Type ကတော့ On-Road ရော Off-Road ဆိုင်ကယ်တွေမှာပါ တပ်ဆင်နိုင်ပါတယ်။ Rotary Damper တွေမှာလည်း ရိုးရိုးနဲ့ Electronic Type ဆိုပြီးရှိကြပါတယ်။ Electronic Type ကိုတော့ Road ဆိုင်ကယ်တွေမှာပဲ တပ်ကြပါတယ်။ Honda ရဲ့ CBR1000RR Superbike မှာ HESD ခေါ် Honda Electronic Steering Damper ကို စက်ရုံက တစ်ခါတည်း တပ်ဆင်ထားပါတယ်။ Electronic Type ဖြစ်ပြီး ECU က တွက်ချက် ထိန်းချုပ်ပေးပါတယ်။ Off-Road ဆိုင်ကယ်တွေမှာတော့ ရိုးရိုး Mechanical Type Rotary Damper ကိုပဲ တပ်ဆင်ကြပါတယ်။ Steering Damper တပ်ဆင်ထား တဲ့အတွက် High Speed နဲ့ မောင်းတဲ့အခါမှာ လက်ကိုင်တုန်တာ၊ ယမ်းတာ၊ ထိန်းချုပ်မရတာတွေကို ကာကွယ်ပေးနိုင်ပါတယ်) မိမိရဲ့ဆိုင်ကယ်မှာ Exhaust Pipe အကာမပါရင်၊ ဒါမှမဟုတ် ပြုတ်သွားခဲ့ရင်လည်း ဝယ်ပြီး တပ်ထားသင့်ပါတယ်။ Exhaust Pipe ကြောင့် ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တွေအကြောင်းကို ပြီးခဲ့တဲ့တစ်ပတ်က ဖော်ပြပြီးပါပြီ။ ဆိုင်ကယ်သမား မှန်ရင် Exhaust မလောင်ဖူးတဲ့သူ မရှိလောက်အောင်ပဲ Exhaust Pipe တွေက ဒုက္ခပေးလှပါတယ်။ အင်ဂျင်နဲ့ တခြားပလတ်စတစ်ကာဗာတွေကို အကာအကွယ်ပေးတဲ့ Engine Crash Bar ခေါ် Engine Guard နဲ့ သံနဲ့ ပြုလုပ်ထားတဲ့ ထပ်ပိုးကာဗာတွေကိုတော့ မတပ်သင့်ပါဘူး။ သံကိုင်းတွေနဲ့ပြုလုပ်ထားတဲ့အတွက် အလေးချိန်လည်း ပိုလာသလို အဲဒီ Crash Bar တွေကပဲ မိမိကို ဒုက္ခပြန်ပေးနိုင်ပါတယ်။ On-Road ဆိုင်ကယ်တွေအတွက်ပဲ ပိုပြီးသင့်တော်ပါတယ်။ မူလပါလာတဲ့ အချက်ပြမီးတွေကို ကွေးညွှတ်လွယ်တဲ့ ရော်ဘာနဲ့ပြုလုပ်ထားတဲ့ အချက်ပြမီးတွေနဲ့ အစားထိုးသင့်ပါတယ်။ ရော်ဘာနဲ့ပြုလုပ်ထားတဲ့ Universal အချက်ပြမီးလေးတွေကို အရှေ့ရော အနောက်ပါ တစ်စုံစာ ဝယ်ယူရရှိနိုင်ပါတယ်။ ပစ္စည်းလည်းပေါသလို စျေးလည်း ပေါပါတယ်။ နောက်တစ်ခုကတော့ နောက်ကြည့်မှန်နဲ့ လိုင်စင်ပြားတွေကိုလည်း ဖြုတ်ထားသင့်ပါတယ်။ နောက်ကြည့်မှန်တွေနဲ့ လိုင်စင်သံပြားတွေက မှောက်ရင်/လဲရင် လူကို ပြန်ပြီး ဒုက္ခပေးနိုင်ပါတယ်။ ပြီးတော့ ဆိုင်ကယ်မှာ Accessories တွေ တပ်ဆင်ထားရင်လည်း ဖြုတ်ထားသင့်ပါတယ်။ Mobile Phone Holder၊   GPS Holder ၊ USB အားသွင်းကြိုးပလပ်တွေ၊ ရေသန့်ဘူးထည့်တဲ့ သံကိုင်းလေးတွေ စတဲ့ Accessories တွေကိုလည်း ဖြုတ်ထားသင့်ပါတယ်။ နောက်တစ်ခုအရေးကြီးတာက အလှတပ်ဆင်ထားတဲ့ ဖန်စီပစ္စည်းလေးတွေရှိရင်လည်း ဖြုတ်ထားပါ။ ဥပမာ- အင်ဂျင်ဝိုင်အဖုံးက အလူမီနီယမ်နဲ့ပြုလုပ်ထားတဲ့ အချွန်အတက်တွေနဲ့ ဖန်စီအဖုံးလေးတွေမျိုး၊ နောက်ဘီးက Chain ကြိုးကိုတင်းတဲ့ Stud တိုင်မှာ အချွန်အတက်တွေ ပါတဲ့ ဖန်စီ Nut တွေတပ်တာမျိုးစတဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အချွန်အတက်ဖန်စီတွေကိုလည်း ဖြုတ်ထားသင့်ပါတယ်။ နောက်တစ်ခု မှာချင်တာကတော့ ဆိုင်ကယ်ရဲ့ Air Filter ကို စစ်ဆေးထားသင့်ပါတယ်။ Air Filter ကောင်းရဲ့လား၊ ဖုန်တွေများနေမယ်ဆိုရင် Air Pressure နဲ့ ဆေးပစ်တာမျိုး ပြုလုပ်သင့်ပါတယ်။ Air Filter ပေါက်ပြဲနေလား၊ ရေမဝင်နိုင်အောင်၊ ဖုန်တွေမဝင်နိုင်အောင် လုံရဲ့လား စသဖြင့် စစ်ဆေးပြီး အသစ် လဲသင့်ရင်လဲရပါတယ်။ ဒါမှမဟုတ်ရင်တော့ Off-Road မောင်းနေတုန်း လူသူမရှိတဲ့ တောလမ်းထဲမှာ ဒုက္ခများသွားနိုင်ပါတယ်။ ပြီးတော့ တာယာတွေကိုလည်း စစ်ဆေးသင့်ပါတယ်။ Off-Road Knobby တာယာ (ပွိုင့်တုံးအကြီးကြီးတွေနဲ့တာယာ) ရှိရင် လဲလှယ်တပ်ဆင်ပေးပါ။ Knobby တာယာတွေက Off-Road မှာ အလွန်ပဲ Grip ကောင်းလှပါ တယ်။ တကယ်လို့များ မိမိမောင်းနှင်မယ့်လမ်းအနေအထားက ကျောက် တုံးကျောက်ခဲတွေနဲ့ မြေသားအမာတွေပဲ များမယ်ဆိုရင်တော့ တာယာ Pressure ကို အနည်းငယ် လျှော့ပေးသင့်ပါတယ်။ လက်နဲ့ဖိကြည့်ပြီး ခပ်စီးစီးလေး ချိုင့်ဝင်သွားရင် ရပါပြီ။ ခပ်ပျော့ပျော့ဖြစ်နေတဲ့ တာယာတွေက ကြမ်းတမ်းပြီးမညီညာတဲ့မြေမျက်နှာပြင်ကို ထိတွေ့ဖိနင်းလိုက်တဲ့အခါမှာ ပြန့်ကားသွားတာကြောင့် ကုတ်ဆွဲနိုင်တဲ့မျက်နှာပြင်ဧရိယာကို ပိုပြီးကျယ်ပြန့်သွားစေပါတယ်။ အဲဒါကြောင့် မောင်းနှင်တဲ့အခါမှာ ကုတ်ဆွဲအား ပိုကောင်းလာပြီး စလစ်ဖြစ်နိုင်ခြေ၊ ချော်ထွက်နိုင်ခြေ အင်မတန်မှ နည်းပါး ပါတယ်။ ကျောက်တုံးကျောက်ခဲတွေ များမယ်၊ မြေမျက်နှာပြင်ကလည်း မာကျောမယ်၊ မတ်လွန်းတဲ့ အတက်အဆင်းတွေလည်း ရှိမယ်ဆိုရင် တာယာတွေကို လေလျှော့မောင်းတာက ပိုပြီးကောင်းပါတယ်။

အဲဒါကြောင့် အကျဉ်းချုပ်ရမယ် ဆိုရင်တော့ မိမိမောင်းနှင်မယ့် ဆိုင်ကယ်ကို Skid Plate ၊Handle Guard ၊ Crossbar Pad နဲ့ Exhaust Pipe Cover တွေ တပ်ဆင်ပေးပါ။ Air Cleaner ၊ Filter ကို ကြိုတင်စစ်ဆေးထားသင့်ပြီး စိတ်ချရတဲ့ အခြေအနေမှာရှိနေပါစေ။ တာယာတွေကိုလည်း စစ်ဆေးသင့်ပြီး ဖြစ်နိုင်ရင် Off-Road Knobby တာယာတွေနဲ့ လဲလှယ်တပ်ဆင်ပေးပါ။ တာယာတွေကို လေလျှော့သင့်ရင် လျှော့မောင်းပါ။ Off-Road မောင်းနှင်ပြီး လမ်းမတွေပေါ်ပြန်တက်တဲ့အခါမှာတော့ ကြုံတဲ့ လေဆိုင်တစ်ဆိုင်မှာ လေပြန်ဖြည့်လို့ရပါတယ်။

 

ဆက်လက်ဖော်ပြပါမည်…

LEAVE A REPLY

Please enter your comment!
Please enter your name here