Dual Purpose ဆိုင်ကယ်များနှင့်  အခြေခံ Off Road မောင်းနှင်နည်းများ  အပိုင်း ( ၅ )

684

သင့်တော်ရာ Dual Sport ဆိုင်ကယ်တစ်စီးကို ရွေးချယ်ပြီးပြီဆိုရင်တော့ အပျော်တမ်း Off-Road တွေကို မောင်းနှင်လို့ရပါပြီ။ အဲဒါကြောင့် အခြေခံ Off-Road Enduro မောင်းနှင်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

 

(၁) Riding Armour Equipments ခေါ် ခန္ဓာကိုယ်အကာအကွယ်များ စနစ်တကျ ဝတ်ဆင်ပါ။

Off-Road မောင်းတယ်ဆိုတာ အပျော်တမ်း တစ်ခါတလေမောင်းနှင်တာပါ။ အသုံးပြုတဲ့ဆိုင်ကယ်တွေကလည်း အနည်းဆုံး 250 CC အင်ဂျင် နဲ့ ပေါင် ၂၅ဝ လောက် လေးလံတာကြောင့် အင်ဂျင်ပါဝါလည်း ကောင်းသလို အန္တရာယ်လည်းများပါတယ်။ အကာအကွယ်ပြည့်ပြည့်စုံစုံ မဝတ်နိုင်ဘဲ တရုတ်ဘီး 125 CC လေးမောင်းပြီး ဝမ်းရေးအတွက် နေ့စဉ်သွားလာနေရတဲ့ ဒေသခံတွေနဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ သူတို့က မိမိ Off-Road မောင်းနှင်မယ့်နေရာဒေသက ဒေသခံတွေဖြစ်တတ်ကြပြီး ဝမ်းရေးကြောင့် လမ်းကြမ်းပေမဲ့လည်း မဖြစ်မနေ သွားလာနေကြရတာပါ။ ဒေသခံတွေဖြစ်တဲ့အတွက် နေရာဒေသလမ်းကြောင်းလည်းကျွမ်းကျင်သလိုပေါ့ပါးပြီး အင်ဂျင်ပါဝါနည်းတဲ့ဆိုင်ကယ်လေးတွေကို ဖြည်းဖြည်းမှန်မှန်ပဲ မောင်းနှင်တာကြောင့် အန္တရာယ်ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။ မိမိတို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ပါဝါကောင်းပြီး ကြီးမားလေးလံတဲ့ဆိုင်ကယ်တွေနဲ့ ရံဖန်ရံခါပဲ အပျော်တမ်းမောင်းနှင်တာဖြစ်လို့ ဆိုင်ကယ်ကြောင့်၊ လမ်းအနေအထားကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ အလွန်ပဲ များပြားလှပါတယ်။ Off-Road ကို အားကစားတစ်ခုအနေနဲ့ လျင်မြန်စွာ၊ ကြမ်းတမ်းစွာ မောင်းနှင်ကြမှာဖြစ်လို့ အကာအကွယ် အပြည့်အဝ ဝတ်ဆင်ကြဖို့တော့ အကြံပြုလိုပါတယ်။

Riding Armour Equipments တွေက အမျိုးမျိုးရှိကြပါတယ်။ Integrated ခေါ် အကာအကွယ်တွေကို တစ်ခါတည်း ထည့်သွင်းချုပ်လုပ်ထားတဲ့ ဂျာကင်တွေ၊ ဘောင်းဘီတွေလည်းရှိကြသလို ပလတ်စတစ် Armour တွေကို တစ်ခုနဲ့တစ်ခုတွဲစပ်ပြီး ချုပ်လုပ်ထားတဲ့ Armour သီးသန့်ဂျာကင်တွေလည်း ရှိကြပါတယ်။ ပြီးတော့ Armour တွေကိုလည်း တစ်ခုချင်းစီသီးသန့်ဝယ်ပြီး ဝတ်ဆင်လို့ရပါတယ်။ Integrated Armour ဂျာကင်၊ ဘောင်းဘီတွေအနေနဲ့ Alpinestars ၊ Dainese ၊ Fox ၊ Icon ၊ Revit ၊ RST စတဲ့ နာမည်လည်းကြီး၊ စျေးလည်းကြီးကြတဲ့ အမှတ်တံဆိပ်တွေ ရှိကြပါတယ်။ အာရှအမှတ်တံဆိပ်တွေဖြစ်တဲ့ Komine ၊ Motoboy ၊ Duhan နဲ့ Scoyco တို့ကတော့ အရည်အသွေးလည်း

ကောင်းမွန်ပြီး စျေးနှုန်းလည်း သင့်တင့်ကြပါတယ်။ နောက်ပြီး လက်နဲ့ ခြေထောက်ကို ကာကွယ်နိုင်ဖို့ ဆိုင်ကယ်စီးလက်အိတ်နဲ့ ဖိနပ်တွေကိုလည်း ဝတ်ဆင်သင့်ပါတယ်။ လက်အိတ်တွေမှာ လက်ချောင်းလေးတွေကို ဖော်ထားတဲ့ Half Glove နဲ့ လက်ချောင်းလေးတွေကိုပါ အပြည့်အဝ အကာအကွယ်ပေးနိုင်တဲ့ Full Finger Glove ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ Off-Road မောင်းနှင်မှာဖြစ်လို့ Full Finger Glove ကိုပဲ ဝတ်ဆင်သင့်ပါတယ်။ လမ်းမှာရှိတဲ့ ချုံတွေ၊ အပင်တွေကြားထဲ တိုးရတဲ့အခါ သစ်ခက်တွေ၊ ဆူးပင်တွေက လက်ချောင်းလေးတွေကို ထိခိုက်နိုင်ပါတယ်။ ဆိုင်ကယ်လဲကျတဲ့အခါတွေမှာလည်း မြေပြင်ကို ရုတ်တရက် လက်နဲ့ထောက်မိလေ့ရှိတဲ့အတွက် Full Finger လက်အိတ်တွေကပဲ အပြည့်အဝ အကာအကွယ်ပေးနိုင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်…

 

 

 

 

 

 

 

 

တစ်ခုချင်းစီဝယ်လို့ရတဲ့ Armour တွေပဲ ဖြစ်ပါတယ်။ Armour Jacket မှာ နိုင်လွန်ချည်နဲ့ တွဲဆက်ထားတဲ့အတွက် လေဒဏ်၊ မိုးဒဏ်နဲ့ ဖုန်မှုန့်/ သဲမှုန့်ဒဏ်တွေကိုတော့ ခံနိုင်ရည်မရှိပါဘူး။ တခြားဂျာကင်တစ်ထည်ကို အတွင်းမှာဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

 

 

 

 

 

 

 

 

 

Komine တံဆိပ် ဂျာကင်နဲ့ ဘောင်းဘီပဲ ဖြစ်ပါတယ်။ ဂျာကင်အတွင်းမှာ တံတောင်ကာ၊ ပခုံးကာ၊ ကျောကာနဲ့ ရင်ဘတ်ကာတွေ ပါဝင်ပါတယ်။ ဘောင်းဘီမှာလည်း အပြင်ဒူးကာအပြင် အတွင်းဒူးကာနဲ့ တင်ပါးအကာတွေလည်း ပါဝင်ပါတယ်။ ဂျာကင်နဲ့ ဘောင်းဘီကို ဇစ်နဲ့ ဆက်လို့ရပါတယ်။ ဂျာကင်က အဖြူရောင်ဆိုပေမဲ့ ညစ်ပတ်ပေရေသွားတဲ့အခါ ဆပ်ပြာမှုန့်နဲ့ နှစ်နာရီလောက် စိမ်လိုက်တာနဲ့ သန့်စင်သွားပြီး မူရင်းအဖြူရောင်ကို ပြန်လည်ရရှိနိုင်ပါတယ်။

 

 

 

 

 

 

 

 

Half Finger နဲ့ Full Finger လက်အိတ်တွေပဲဖြစ်ပါတယ်။ Full Finger လက်အိတ်ကသာ ကာကွယ်မှု အပြည့်အဝ ပေးနိုင်ပါတယ်။

Lawrence Peace

စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေ

LEAVE A REPLY

Please enter your comment!
Please enter your name here