Driverless Tractor တွေအကြောင်း တစေ့တစောင်း

1118

Driverless Tractor ဆိုတာ အမှီအခိုကင်းတဲ့ နည်းပညာပုံစံတစ်မျိုးဖြစ်ပြီး ယာဉ်ပေါ်မှာ လူတက်မောင်းစရာမလိုဘဲ စက်လည်ပတ်နိုင်တာကြောင့် မောင်းသူမဲ့ယာဉ်လို့လည်း ဆိုနိုင်ပါတယ်။ Driverless Tractor အမျိုးမျိုးရှိပြီး အဓိကအနေနဲ့ လုံးဝအမှီအခိုကင်းတဲ့ နည်းပညာနဲ့ အမှီအခိုကင်းပေမဲ့ စောင့်ကြပ်ကြည့်ရှုပေးဖို့လိုတဲ့ နည်းပညာဆိုပြီး ကွဲပြားသွားပါတယ်။ အဲဒီ Tractor တွေမှာ ကားမောင်းသူမလိုဘဲ လယ်ယာစိုက်ပျိုးနိုင်ဖို့အတွက် GPS နဲ့ တခြားကြိုးမဲ့နည်းပညာတွေကို အသုံးပြုပြီး ထိန်းချုပ်စခန်းကနေတစ်ဆင့် လုပ်ငန်းစဉ်ကို စောင့်ကြပ်ကြည့်ရှုနေတဲ့ ကြီးကြပ်သူတစ်ယောက်ရဲ့ အကူအညီနဲ့ ရိုးရိုးရှင်းရှင်း လုပ်ငန်းလည်ပတ်ပါတယ်။ Driverless Tractor ထုတ်လုပ်ရောင်းချမှုမှာ လက်ရှိဦးဆောင်နေတဲ့ လုပ်ငန်းတွေကတော့ John Deere ၊ Autonomous Tractor Corporation ၊ Fendt နဲ့ Case IH တို့ပဲဖြစ်ပါတယ်။

Driverless Tractor ရဲ့ ကနဦးစိတ်ကူးကို ၁၉၄ဝ ပြည့်လွန်နှစ် အစောပိုင်းကာလကတည်းက ရရှိခဲ့တာဖြစ်ပြီး Frank W.Andrew ဆိုသူက သူ့ကိုယ်ပိုင်အဖြစ် တီထွင်ခဲ့ပါတယ်။ သူ့ရဲ့ Tractor ကို လမ်းညွှန်နိုင်ဖို့အတွက် လယ်ကွင်းအလယ်မှာ စည်ပိုင်း၊ ဒါမှမဟုတ် ဘီးတစ်ခုကို ထားပြီး အဲဒီဘီးနဲ့ Tractor ရဲ့ အရှေ့က စတီယာရင်ကို ကြိုးတစ်ချောင်းနဲ့ တွဲချည်ခဲ့ပါတယ်။ ၁၉၅ဝ ပြည့်လွန်နှစ်တွေမှာတော့ Ford ဟာ The Sniffer လို့ ခေါ်တဲ့ Driverless Tractor တစ်စီးကို ဖန်တီးခဲ့ပေမဲ့ အဲဒီယာဉ်ဟာ လယ်ကွင်းပြင်တစ်လျှောက် မြေအောက်ကြိုးမပါဘဲ မလည်ပတ်နိုင်တာကြောင့် မထုတ်လုပ်ဖြစ်ခဲ့ပါဘူး။  ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာတော့ Silsoh Research Institute က အင်ဂျင်နီယာတွေဟာ အသီးအနှံစိုက်ခင်းတွေအတွက် ဒီဇိုင်းထွင်ထားတဲ့ အသေးစား Driverless Tractor ကို လမ်းညွှန်နိုင်မယ့် ပုံရိပ်ဆန်းစစ်မှုစနစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ Tractor အသစ်ဟာ ခပ်ပြေပြေအငူအစွန်းအကွေ့တွေမှာတောင် ထိန်းချုပ်မောင်းနှင်နိုင်ပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လယ်သမားတွေဟာလည်း ကွန်ပျူတာနဲ့ GPS စက်တွေရဲ့ အကူအညီနဲ့ Tractor တွေ ကို ထိထိရောက်ရောက် မောင်းနှင်အသုံးပြုနိုင်လာကြပါတယ်။ နောက်ပိုင်းမှာ အင်ဂျင်နီယာတွေဟာ Semi-Automated Tractor တွေကို ဖန်တီးခဲ့ပြီး အဲဒီ Tractor တွေဟာ ကားမောင်းသူပါဝင်ပေမဲ့ ကားမောင်းသူအနေနဲ့ စတီယာရင်ကိုပဲ ပဲ့ကိုင်အသုံးပြုရုံပါပဲ။ အစပိုင်းမှာ ယာဉ်မောင်းသူ ပါဝင်တဲ့ Tractor နောက်က လိုက်မောင်းတာဖြစ်ပြီး Follow-me-Technology လို့ ခေါ်ဝေါ်ကြပါတယ်။ အခုနောက်ဆုံးပေါ်ထွက်လာတဲ့ Driverless Tractor တွေရဲ့ နည်းပညာကတော့ မောင်းသူမဲ့စနစ်ကိုအခြေခံပြီး အမှီအခိုကင်းတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်ပါတယ်။ မောင်းသူမပါတဲ့ Driverless Tractor ဟာ တချို့သူတွေရဲ့အမြင်မှာ လုံခြုံစိတ်ချရမှုမရှိဘူးလို့ ထင်မြင်နိုင်ပေမဲ့ အဲဒီမောင်းသူမဲ့ Tractor တွေဟာ အများကြားမှာ အသုံးပြုနိုင်လောက်အောင် လုံခြုံမှုရှိတဲ့ ယာဉ်တွေလို့ ဆိုနိုင်ပါတယ်။ အဲဒီ Tractor တွေမှာ မောင်းနှင်နေတဲ့လမ်းကြောင်းပေါ် လူ၊ တိရစ္ဆာန်၊ ယာဉ်၊ ဒါမှမဟုတ် အရာဝတ္ထုပစ္စည်း ကြီးကြီးမားမား ရှိနေခဲ့မယ်ဆိုရင် အာရုံခံပေးမယ့် ဆင်ဆာတွေပါဝင်ပြီး မောင်းနှင်မှုကို ရပ်တန့်သွားစေမှာပါ။ ဒါ့ပြင် Tractor ကိုယ်ထည်ရဲ့ ထောင့်တိုင်းမှာလည်း အရေးပေါ်ယာဉ်ရပ်တန့်ပစ်နိုင်မယ့် ခလုတ်တွေ ပါဝင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here