Drive-in Theater တွေအကြောင်း တစေ့တစောင်း

1144

Drive-in Theater ၊ ဒါမှမဟုတ် Drive-in Cinema လို့ ခေါ်ဝေါ်ကြတဲ့ ရုပ်ရှင်ရုံတွေဟာ အလွယ်ပြောရရင် ကွင်းပြင်ကျယ်ကြီးမှာ ကြီးမားတဲ့ ဖန်သားပြင်ကြီးတစ်ခုထားရှိပြီး မော်တော်ကားတွေရပ်နားရင်း ကား ပေါ်ကနေ ကြည့်ရှုရတဲ့ ရုပ်ရှင်ပြကွင်းတွေ ဖြစ်ပါတယ်။ အဲဒီလို နေရာ မျိုးတွေမှာ လာရောက်ကြည့်ရှုသူတွေအနေနဲ့ မိမိတို့ကားပေါ်ကနေပဲ သက်သောင့်သက်သာနဲ့ သီးသီးသန့်သန့် ကြည့်ရှုနိုင်ပါတယ်။ မူလက ရုပ်ရှင်အသံကို ကြားရဖို့အတွက် ရုပ်ရှင်ဖန်သားပြင်က စပီကာတွေကိုပဲ အားကိုးခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ကားတစ်စီးချင်းစီရဲ့ ပြတင်းပေါက်မှာ ဝါယာကြိုးနဲ့ တွဲဆက်ထားတဲ့ စပီကာတစ်လုံးစီ ထားပေးခဲ့ပါတယ်။ အခု နောက်ပိုင်းမှာ ရုပ်ရှင်ရဲ့အသံကို ကားတွင်း Stereo System နဲ့ တွဲဖက် ဖန်တီးလိုက်တာကြောင့် အရင်က သုံးနေတဲ့ ရိုးရိုးစပီကာတွေထက်စာရင် အသံအရည်အသွေး ပိုကောင်းလာပါတယ်။ ကမ္ဘာ့ အကြီးဆံုး Drive-in Theater ကတော့ Fort Lau-derdale Swap Shop လို့ ဆိုနိုင်ပြီး ကမ္ဘာ့အကြီးဆုံး လဟာပြင်စျေးကြီးလည်း ဖြစ်ပါတယ်။

Drive-in Theater တွေရဲ့ ရှေ့ပြေးလို့ ဆို ရမယ့် Theatre de Guadalupe ကို ၁၉၁၅ ခုနှစ်မှာ နယူးမက္ကဆီကိုနယ်က Las Cruces မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်း De Lux Theater လို့ အမည် ပြောင်းခဲ့ပေမဲ့ ၁၉၁၆ ခုနှစ်မှာ ပိတ်ပစ်ခဲ့ ပါတယ်။ ၁၉၂၁ ခုနှစ်က တက္ကဆက် ပြည်နယ်၊ Comanche မှာလည်း Drive-in ပုံစံ ရုပ်ရှင်ရုံတစ်ရုံ ဖွင့်လှစ်ခဲ့ပါတယ်။ ပထမဆုံး Drive-in Theater အဖြစ် မူပိုင်ခွင့် တင်ခဲ့သူကတော့ နယူးဂျာစီပြည်နယ်၊ Camden က ဓာတုကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Richard M. Hollingshead Jr. ဖြစ်ပြီး ၁၉၃၂ ခုနှစ်မှာ Riverton က သူ့ရဲ့ ကားမောင်းကွင်းကြီးထဲမှာ စတင်စမ်းသပ်ဖန်တီးခဲ့တာပါ။ Hollingshead Jr. ဟာ သူ့အိမ်နောက်ဖေးကွက်လပ်က သစ်ပင်တွေမှာ ရုပ်ရှင်ဖန်သားပြင်တစ်ခုချိတ်၊ သူ့ကားစက်ဖုံးပေါ်မှာ 1928 Kodak ပရိုဂျက်တာကိုတင်၊ ဖန်သားပြင်နောက်မှာတော့ ရေဒီယို တစ်လုံးချပြီး အသံ အနိမ့်/အမြင့်အမျိုးမျိုးကို စမ်းသပ်ခဲ့ပါတယ်။ Hollingshead ဟာ ၁၉၃၂ ခုနှစ်၊ သြဂုတ်လမှာပဲ သူ့ရဲ့တီထွင်ဖန်တီးမှုအတွက် မူပိုင်ခွင့် တင်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး Drive-in Theater ကိုတော့ ၁၉၃၃ ခုနှစ်က နယူးဂျာစီပြည်နယ်မှာပဲ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမြတ်အစွန်းမရခဲ့တာ ကြောင့် နောက်သုံးနှစ်အကြာမှာ ပြန်လည်ရောင်းချခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကစလို့ အမေရိကန်ပြည်ထောင်စုအနှံ့အပြားမှာ Drive-in Theater တွေကို တဖြည်းဖြည်း ထပ်တိုးဖွင့်လှစ်လာကြပြီး ၁၉၅ဝ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၁၉၆ဝ ပြည့်လွန်နှစ် အစောပိုင်းကာလဟာ Drive-in ရုပ်ရှင်ပြကွင်းတွေ ရေပန်းအစားဆုံးကာလဖြစ်ခဲ့ပါတယ်။ အဲဒီ ကာလက အမေရိကန်ပြည်ထောင်စုအနှံ့မှာ Drive-in Theater ပေါင်း လေးထောင်လောက်ရှိလာပြီး အဓိကအနေနဲ့ ကျေးလက်ဧရိယာမှာ ဖွင့်လှစ် ပြသကြပါတယ်။ အဲဒီလိုနေရာတွေကို အသက်အရွယ်ကြီးသူတွေလည်း မိသားစုလိုက်လာလေ့ရှိသလို ပျိုရွယ်သူစုံတွဲတွေဟာလည်း ပထမဆုံး ချိန်းတွေ့တဲ့နေရာအဖြစ် လာရောက်လေ့ရှိပါ တယ်။

အကြီးဆုံး Drive-in Theater တွေထဲက တစ်ခုကတော့ နယူးယော့ခ်က Johnny All-Weather Drive-In ဖြစ်ပြီး ၂၉ ဧကကျယ်ဝန်းတဲ့ အဲဒီကွင်းကြီး ထဲမှာ ကားပေါင်း ၂,၅ဝဝ လောက်ဆံ့ပါတယ်။ အဲဒီမှာ စားသောက်ဆိုင်နဲ့ ကစားကွင်းပါဝင်သလို လေအေးပေးစနစ်နဲ့ မှ ကြည့်ချင်သူတွေအတွက်၊ ဒါမှမဟုတ် ရာသီဥတုဆိုးဝါးတဲ့ အခါ ကြည့်ဖို့အတွက် မိုးလုံလေလုံရုံကြီးတစ်ရုံလည်း ရှိပါတယ်။ နောက်ပိုင်းမှာ ရောင်စုံတီဗီတွေ၊ ဗီဒီယိုတွေ ပေါ်လာတာကြောင့် Drive-in ရုံတွေ အနည်းငယ်ကျဆင်း သွားပေမဲ့ အခုအချိန်အထိ ပြသနေကြတဲ့ရုံတွေလည်း ကျန်နေသေးပြီး ၂ဝ၁၄ ခုနှစ်၊ မတ်လအထိ အမေ ရိကန်ပြည်ထောင်စုမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ Drive-in ရုံပေါင်း ၃၄၈ ရုံ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here