Diesel Vs Gasoline အပိုင်း ( ၂ )

430

ဒီဇယ်အင်ဂျင်နှင့် ဓာတ်ဆီအင်ဂျင်တို့ဧ။် အဓိကကွာခြားချက်များ

4 Stroke ဒီဇယ်အင်ဂျင်ရဲ့ အလုပ်လုပ်ပုံကို ကြည့်မယ်ဆိုရင်တော့ ပထမ Intake Stroke မှာ Piston က BDC ကိုဆင်းလာပြီး ပြင်ပလေကို စုပ်ယူပါတယ်။ ဒုတိယ Compression Stroke မှာ စုပ်ယူခဲ့တဲ့လေထုကို Piston က TDC ကိုတွန်းတင်ပြီး ဖိကျစ်ပါတယ်။ ဖိကျစ်တဲ့အခါမှာလည်း လေထုကို 210°C  ထက် များစွာကျော်လွန်အောင် ဖိကျစ်ရပါတယ်။ အဲဒီအချိန်မှာပဲ Combustion Chamber ထဲကို တိုက်ရိုက်တပ်ဆင်ထားတဲ့ Fuel Injector က ဒီဇယ်ဆီတွေကို မီးလောင်ကျွမ်းမှုလွယ်ကူအောင် အမှုန်အမွှားလေးတွေအဖြစ် အားပြင်းစွာနဲ့ ဖျန်းပက်ပေးပါတယ်။ Combustion Chamber အတွင်းမှာရှိနှင့်နေတဲ့ လေထုရဲ့အပူချိန်က ဒီဇယ်ဆီရဲ့ Auto Ignition အပူချိန်ဖြစ်တဲ့ 210°C ဝန်းကျင်ထက်ကျော်လွန်များပြားစွာ ရောက်ရှိနေတာကြောင့် Injector က ဖျန်းပြီးတာနဲ့ချက်ချင်းပဲ ပေါက်ကွဲမီးလောင်သွားပါတယ်။ တတိယ Power Stroke ခေါ် Expansion Stroke မှာတော့ Piston က ပါဝါရလာပြီး BDC ကိုဆင်းလာပါတယ်။ စတုတ္ထ Exhaust Stroke မှာတော့ လောင်ကျွမ်းပြီးသား Gas ငွေ့တွေကို Exhaust Valve ကနေတစ်ဆင့် စွန့်ထုတ်လိုက်တယ်။ အဲဒါကြောင့် ဒီဇယ်အင်ဂျင်ကို သေချာလေ့လာကြည့်ရင် လောင်စာဆီ ပေးပြီး မီးကူးစေတာကြောင့် Fuel Ignition အင်ဂျင်လို့လည်း သတ်မှတ်နိုင်ပါတယ်။ တချို့ ဒီဇယ်အင်ဂျင်တွေမှာ Glow Plug ခေါ် ပလပ် တစ်ခု တပ်ဆင်ထားလေ့ရှိပါတယ်။ Ignition ခေါ် မီးကူးပေးတဲ့ပလပ် မဟုတ်ပါဘူး။ Glow Plug ဟာ Combustion Chamber အပေါ်မှာ တပ်ဆင်ထားတဲ့အပူပေးတဲ့ ပလပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ အလွန်အေးတဲ့ ရာသီတွေမှာ အင်ဂျင်နှိုးရလွယ်ကူအောင် တပ်ဆင်ထားတာပါ။ Glow Plug က မီးလောင်ခန်းကို အပူပေးလိုက်တဲ့အတွက် အတွင်းက လေထုတွေကလည်း အချိန်ခဏလေးအတွင်းမှာပူလာပြီး Ignition ဖြစ်စေနိုင်တဲ့ အပူချိန်ကို ချက်ချင်းရောက်စေတာကြောင့် အင်ဂျင်အလွယ်တကူနှိုးရခြင်း ဖြစ်တယ်။

ဓာတ်ဆီအင်ဂျင်ရဲ့ အလုပ်လုပ်ပုံကတော့ ပထမ Intake Stroke မှာ Piston က ဆီ၊ လေရောကို တစ်ခါတည်းဆွဲစုပ်ပြီး BDC ကို ဆင်းသွားပါတယ်။ Piston က TDC ရောက်ပြီး အောက်ကိုစဆင်းတာနဲ့ Intake Port က Fuel Injector က တစ်ခါတည်း ပက်ဖျန်းပေးမှာပါ။ ဒါမှမဟုတ် Direct Injection စနစ်ဆိုရင်လည်း ထို့အတူပါပဲ။ ကာဗျူရေတာစနစ်မှာတော့ ကာဗျူရေတာထဲကဆီကို လေနဲ့ တစ်ခါတည်းရောပြီး Cylinder ထဲကို စုပ်သွင်းသွားပါတယ်။ ဒုတိယ Compression Stroke မှာတော့ ခုနက စုပ်သွင်းယူသွားတဲ့ လေ၊ ဆီရောကို Piston က TDC ဆီ တွန်းတင်ဖိကျစ်လိုက်ပါတယ်။ တတိယ Power Stroke မှာတော့ Piston က TDC ကိုရောက်တာနဲ့ Combustion Chamber အတွင်းမှာ တပ်ဆင်ထားတဲ့ Spark Plug က မီးပွင့်ပေးပြီး ဖိကျစ်လာတဲ့ လေ၊ ဆီရောကို ပေါက်ကွဲလောင်ကျွမ်းစေလိုက်တာကြောင့် Piston က ပါဝါရရှိပြီး BDC ကို ဆင်းလာပါတယ်။ စတုတ္ထ Exhaust Stroke မှာတော့ လောင်ကျွမ်းပြီးသား Gas တွေကို Piston က TDC ဆီ ပြန်တွန်းတင်ပြီး Exhaust Valve ကတစ်ဆင့် စွန့်ထုတ်လိုက်ပါတယ်။ အဲဒါကြောင့် ဓာတ်ဆီအင်ဂျင်မှာ ဆီ၊ လေရောကို တစ်ခါတည်း စုပ်သွင်း၊ ပြန်တွန်းတင်ဖိကျစ်ပြီး Spark Plug က မီးလောင်ပေါက်ကွဲစေပါတယ်။ ဒီဇယ်အင်ဂျင်မှာတော့ လေသန့်တစ်ခုတည်းကိုပဲ စုပ်သွင်းဖိကျစ်ပြီး Fuel Injector က ဖျန်းပက်ပေါက်ကွဲလောင်ကျွမ်းစေပါတယ်။ ဓာတ်ဆီအင်ဂျင် မှာ ဆီ၊ လေရောကို တစ်ခါတည်းအသုံးပြုနိုင်ခြင်းက ဓာတ်ဆီရဲ့ အငွေ့ပြန်နိုင်မှုကို လေနဲ့ ရောသမနိုင်မှုအားတွေ ကောင်းမွန်လို့ပဲ ဖြစ်ပါတယ်။ ဓာတ်ဆီမှာ Flash Point  ခေါ် မီးလောင်ကျွမ်းနိုင်တဲ့အငွေ့တွေ ထုတ်လုပ်ပေးနိုင်တဲ့ အနိမ့်ဆုံးအပူချိန်က -43°C အထိ ရှိတာကြောင့်လည်း ရေတွေခဲနေတဲ့အချိန်မှာတောင် အင်ဂျင်ကိုအလွယ်တကူ နှိုးနိုင်စေပါတယ်။ ဒါပေမဲ့ ဓာတ်ဆီမှာ Auto Ignition Temperature ခေါ် အလိုအလျောက် မီးလောင်ကျွမ်းနိုင်တဲ့ အပူချိန်တွေ အလွန်ပဲမြင့်မားကြပါတယ်။ 92 RON မှာ 260°C အထိရှိပြီး 98 RON မှာ 460°C အထိ ရှိကြပါတယ်။ Calorific Value ခေါ် လောင်ကျွမ်းနိုင်တဲ့တန်ဖိုးတွေအနေနဲ့ အတူတူ နီးပါးရှိကြပါတယ်။ ဒီဇယ်က Calorific Value ပျမ်းမျှ 45.5 MJ/Kg ရှိပြီး ဓာတ်ဆီကတော့ 45.8 MJ/Kg အသီးသီး ရှိကြပါတယ်။ ဒါပေမဲ့ ဒီဇယ်က Oil ပါဝင်မှုများပြီး သိပ်သည်းဆလည်းများတာကြောင့် ထုထည်နဲ့တွက်ရင် ဒီဇယ်က လောင်ကျွမ်းမှုစွမ်းအင်တန်ဖိုး ပိုများပါတယ်။ ဒီဇယ် တစ်လီတာမှာ 36.9  MJ အထိ လောင်ကျွမ်းနိုင်ပြီး ဓာတ်ဆီ တစ်လီတာမှာတော့ 33.7 MJ အထိပဲ လောင်ကျွမ်းနိုင်ပါတယ်။ ဓာတ်ဆီအင်ဂျင်ကို ဒီဇယ်အင်ဂျင်လို Compression အားနဲ့ပဲ မီးလောင်ပေါက်ကွဲအောင် တည်ဆောက်မှုတွေ မပြုကြတာက အထက်ကဖော်ပြခဲ့တဲ့အတိုင်း Calorific Value နည်းပါးတာရယ်၊ Auto Ignition Temperature မြင့်တာရယ်ကြောင့်လည်း ပါပါတယ်။ ဒီဇယ်အင်ဂျင်ကို ဓာတ်ဆီအင်ဂျင်လို ဆီ၊ လေရောနဲ့ တစ်ခါတည်း စုပ်သွင်းဖိကျစ်ယူပြီး ပေါက်ကွဲစေတဲ့ပုံစံနဲ့ တည်ဆောက်မှုတွေ မပြုလုပ်ကြတာကတော့ ဒီဇယ်ဆီက Oil ပါဝင်မှုများပြီး လေနဲ့ ကောင်းမွန်စွာ ရောသမနိုင်စွမ်း မရှိတာကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ပြန်ပြီးအကျဉ်းချုပ်ရရင် ဒီဇယ်အင်ဂျင်က Compression ကိုပဲ အားကိုးပြီး လေကိုဖိကျစ် အလွန်တရာပူလာစေတာကြောင့် Fuel Ignition နဲ့ မီးပေါက်ကွဲစေတဲ့အတွက် Compression Ratio မြင့်ပါတယ်။ Fuel Injector ကို မီးလောင်ခန်းထဲအထိ တိုက်ရိုက်တပ်ဆင်ထားပြီး Direct Injection စနစ်ကို အသုံးပြုပါတယ်။ Spark Plug မပါဘဲ Glow Plug ခေါ် မီးလောင်ခန်းကိုအပူပေးတဲ့ပလပ်ပဲ ပါပါတယ်။ ဓာတ်ဆီအင်ဂျင်ကတော့ Spark Plug ကို အသုံးပြုပြီး မီးပေါက်ကွဲစေတာကြောင့် ဖိကျစ်အားသိပ်မလိုဘဲ Compression Ratio နိမ့်ပါတယ်။ Port Injection ၊ ဒါမှမဟုတ် Direct Injection ၊ ဒါမှမဟုတ် Carburetor စနစ်ကိုလည်း အသုံးပြုကြပါတယ်။

ရန်နိုင်ထွေး ( Marine Engineer )

 

ဆက်လက်ဖော်ပြပါမည်။

 

စာဖတ်ပရိသတ်များ မော်တော်ကားဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေ …

LEAVE A REPLY

Please enter your comment!
Please enter your name here