ရန်ကုန်၊ မေ
အုပ်စုလေးခု ခွဲခြား၍ လူစီးယာဉ် မဟုတ်သော Delivery Van များကို ဧပြီ ၂၇ ရက်မှ စတင်ထုတ်ပေးနေသော်လည်း အစီးသုံးဆယ်သာ လာရောက်ထုတ်ယူကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ပြည်ပမှ Delivery Van အဖြစ် တင်သွင်းထားသည့် ယာဉ် ၄၆၄ စီးကို ဌာနလေးခုပါဝင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး အုပ်စုလေးခု ခွဲခြားသတ်မှတ်ခဲ့သည်။ ယင်းအုပ်စုလေးခုထဲမှ အုပ်စု (က)၊ (ခ)၊ (ဂ)တို့တွင် ပါဝင်သော ယာဉ် ၄ဝ၆ စီးကို လုပ်ထုံးလုပ်နည်းများအတိုင်း ဒဏ်ကြေးကောက်ခံရမည့်ကားများအား ဒဏ်ကြေးကောက်ခံပြီး ထုတ်ယူခွင့်ပြုခဲ့သည်။
”ဆိပ်ကမ်းမှာရှိတဲ့ Delivery Van တွေကို ကြီး/ကော်ကဖွဲ့စည်းပေးတဲ့ အဖွဲ့နဲ့ ယာဉ်စစ်ဆေးပြီး အုပ်စုလေးခု ခွဲခြားသတ်မှတ်ခဲ့ပါတယ်၊ ဒီအုပ်စုတွေထဲက အုပ်စု (က)၊ (ခ)၊ (ဂ) ထဲမှာပါဝင်တဲ့ကားတွေကို ထုတ်ယူခွင့်ပြုနေပါတယ်၊ အုပ်စု(က) နဲ့ (ခ) မှာပါဝင်တဲ့ ၂၉ စီးကို ဒဏ်ကြေးကင်းလွတ်နဲ့ ခွင့်ပြုပေးခဲ့ပြီး အုပ်စု(ဂ)မှာ ပါဝင်တဲ့ တစ်စီးကိုတော့ 1/2AV ဒဏ်ကြေးနဲ့ ထုတ်ယူခွင့်ပြုခဲ့ပါတယ်၊ ကျန်တဲ့ကားတွေထဲမှာ ၄၇ စီးက ကြိုစစ် လာစစ်ထားတာရှိပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဧပြီ ၂၇ ရက်မှစ၍ အုပ်စု(က) တွင် ပါဝင်သည့် ကား ၆၉ စီး၊ အုပ်စု (ခ)တွင် ပါဝင်သည့် ကားခြောက်စီးနှင့် အုပ်စု(ဂ)တွင် ပါဝင်သည့် ကား ၃၃၁ စီးတို့ကို စစ်ဆေးထုတ်ယူခွင့်ပေးထားသော်လည်း လာရောက်ထုတ်ယူသည့် အရေအတွက် နည်းနေသေးသည်။ ထို့ပြင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် အုံနာဘုတ်မရရှိသေးသော Delivery Van များကိုလည်း ယာဉ်စစ်ဆေးမှုပြုလုပ်ပြီး လိုအပ်ပါက ဒဏ်ကြေးပေးဆောင်ရန် အသိပေးကြေညာထားသော်လည်း ဒဏ်ကြေးလာဆောင်သည့်ကားမရှိသေးကြောင်း သိရသည်။
ဆန်းသစ်အောင်