ကားဒက်ရှ်ဘုတ်ပေါ် အလှတပ်ဆင်ထားကြလေ့ရှိတဲ အရုပ်(Dashboard Doll) လေးတွေရဲ့ သမိုင်းကြောင်းကို ခြေရာခံကြည့်ဖို့ အတော်လေး ခက်ခဲတယ်လို့ ဆိုနိုင်ပါတယ်။ အနီးစပ်ဆုံး ကောက်ချက်ချကြည့်မယ်ဆိုရင်တော့ နယူးယော့ခ်မြို့၊ ဘရွတ်ကလင်းအရပ်က Wallfrin Industries ကုမ္ပဏီက စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၅ဝ ပြည့်လွန် နှစ်ကာလတွေမှာ မော်တော်ကားတွေဟာ မိသားစု သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးသက်သက် မဟုတ်တော့ဘဲ ကားဝါသနာရှင်လူငယ်တွေက စိတ်ကြိုက် ကားအစိတ်အပိုင်းတွေ၊ ကားဆေးအရောင်တွေနဲ့ ကားအတွင်းခန်း အလှဆင်မှုတွေကို ပြုလုပ်လာကြပါတယ်။ ဒီလိုပြောင်းလဲလာတဲ့ အခြေအနေက Wallfrin Industries ကုမ္ပဏီအတွက်တော့ အခွင့်အရေးတစ်ခုလိုပါပဲ။ Wallfrin Industries က ၁၉၆၁ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အတွင်း ကားရှေ့ခန်းက နောက်ကြည့်မှန်ပေါ်ချိတ်ဖို့ အန်စာတုံးလိုအလှဆင်ပစ္စည်းတွေ၊ ဒက်ရှ်ဘုတ်ပေါ် တင်ဖို့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုပ်တုဆင်းတုတွေအစရှိတဲ့ အလှဆင်ပစ္စည်းအသေးအမွှားအမျိုးအစား ရာနဲ့ချီပြီး ထုတ်လုပ်ခဲ့သလို ခေတ်သစ် Dashboard Doll တွေရဲ့ အဦးအစဖြစ်တဲ့ Dashboard Hula Girl အပါအဝင် တခြားအလှဆင်ပစ္စည်းအသစ်အဆန်းလေးတွေကိုလည်း ရာနဲ့ချီ ထုတ်လုပ်လာခဲ့ပါတယ်။
Hula Girl အရုပ်လေးတွေလိုပဲ ပေါ့ပါးသွက်လက်ပြီးချစ်စရာကောင်းတဲ့ ဟာဝိုင်ယီပုံစံအရုပ်လေးတွေကိုလည်း မျိုးစုံဖန်တီးထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာသာရေးနဲ့သက်ဆိုင်တဲ့ အရုပ်လေးတွေပါ ထွက်လာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကျော်ကြားမှုရှိလာတာကတော့ ကမ္ဘာကျော်ဂန္ထဝင် အဆိုတော်ကြီး Elvis Presley နဲ့ ပုံစံတူ Wackel-Elvis အရုပ်လေး တွေပါ။ ၁၉၇၃ ခုနှစ်လောက်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ Elvis Presley ရဲ့ သကေင်္တလို့တောင် ဆိုနိုင်တဲ့ Jumpsuit ဝတ်စုံအဖြူရောင်နဲ့ Dashboard Doll လေးပါ။ ၂ဝဝ၁ ခုနှစ်က Audi ကားကြော်ငြာမှာ စတင်ပါဝင်ခဲ့ပြီး လူကြိုက်များလာတာကြောင့် စုစုပေါင်း အခုရေ ၁၆၅,ဝဝဝ အထိ ထုတ်လုပ်ခဲ့ရပါတယ်။ Wackel-Elvis အရုပ်လေးဟာ ဒက်ရှ်ဘုတ်ပေါ်တင်ပြီး တပ်ဆင်တဲ့ တခြား Dashboard Doll တွေလိုမဟုတ်ဘဲ လေကာမှန်ပေါ် စုပ်ခွက်နဲ့ တပ်ဆင်ရတဲ့ပုံစံ ထုတ်လုပ်ထားတဲ့အတွက် ကားလှုပ်ရှားမှုရှိနေတဲ့ အချိန်တိုင်း ဒက်ရှ်ဘုတ်အပေါ်နားလေးမှာ ယိမ်းထိုးကခုန်နေတာ ပုံစံမျိုးဖန်တီးထားတာ ဖြစ်ပါတယ်။ အခုခေတ်မှာလည်း Dashboard Doll လေးတွေကို အလှဆင်ပစ္စည်းအနေနဲ့ အသုံးပြုနေတုန်းပါပဲ။ တချို့နေရာတွေမှာတော့ အရမ်းလူသုံးများပြီး ကျော်ကြားသလို တချို့ဒေသတွေမှာတော့ ကားအလှဆင်တာကို ဝါသနာပါသူ အနည်းစုကလွဲလို့ တခြားကားတွေပေါ်မှာ သိပ်မတွေ့ရသလောက်ပါပဲ။