Cycle & Carriage မှ Mercedes-Benz 3S Autohaus ပြခန်းကို ရန်ကုန်မြို့တွင် ဖွင့်လှစ်

558

ရန်ကုန်၊ မတ်

ဒေသအတွင်းရှိ မော်တော်ယာဉ် ရောင်းဝယ်ရေးတွင် ထိပ်တန်းအုပ်စုဖြစ်သည့် Cycle & Carriage သည် ၎င်းတို့၏ ကုမ္ပဏီခွဲဖြစ်သော Cycle & Carriage Myanmar မှ တဆင့် ပထမဆုံး Mercedes-Benz 3S Autohaus အရောင်းပြခန်းကို မတ် ၁ဝ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Mercedes-Benz 3S Autohaus Showroom သည် Cycle & Carriage Myanmar ၏ အခမ်းနားဆုံးပြခန်းအသစ် ဖြစ်ပြီး ကားရောင်းချခြင်း၊ ကားဝန်ဆောင်မှုပေးခြင်းနှင့် အပိုပစ္စည်းရောင်းချခြင်းများကို အဓိကဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မြန်မာ့ထိပ်တန်းကားရောင်းဝယ်ရေးကုမ္ပဏီဖြစ်သော Cycle & Carriage Myanmar မှ မြန်မာနိုင် ငံတစ်ဝန်းအရောင်းပြခန်း ၅ ခုအထိ ဖွင့်လှစ်ထားပြီး အသစ်ဖွင့်လှစ်သည့် Mercedes-Benz 3S Autohaus ပြခန်းသည် ၆ ခု မြောက်ပြခန်းဖြစ်သည်။ Mercedes-Benz 3S Autohaus အရောင်းပြခန်းသည် ခေတ်မှီအပြင်အဆင်များနှင့်အတူ ဝယ်ယူသူများအား အပြည့်အဝ စိတ်ကျေနပ်စေမည့် ဝန်ဆောင်မှုများကို တစ်နေရာတည်း ပြီးပြတ်အောင် ဆောင်ရွက်ပေးမည့်အပြင် ကား ၁၇ စီးနှင့် အလုပ်ရုံငယ် ၁ဝ ခုသာမက Mercedes-Benz Showroom လည်း ပါဝင်မည် ဖြစ်သည်။

”မကြာသေးခင်နှစ်တွေကတည်းက မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်နေတာကို မြင်တွေ့ပြီးဖြစ်ပါတယ်၊ အဓိကအားဖြင့် နိုင်ငံရဲ့စီးပွားရေးဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ပိုပြီး သိသာပါတယ်။ ကားသစ်တွေရဲ့ ဝယ်ယူလိုအားက ပိုကောင်းလာသလို ဝယ်ယူသူတွေအနေနဲ့လည်း ပိုကောင်းတဲ့အတွေ့အကြုံတွေကို လိုချင်လာကြပါတယ်။ Autohaus ပြခန်းအသစ်ဖွင့်လှစ်လိုက်တဲ့အတွက် Mercedes-Benz ဝယ်ယူသူတွေကို ဆန်းသစ်ပြီး ပြည့်စုံတဲ့ဝန်ဆောင်မှု အသစ်တစ်ရပ် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု Cycle & Carriage Myanmar မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မိုးကျော် က ပြောသည်။

Cycle & Carriage သည် အရှေ့တောင်အာရှတွင် ထိပ်တန်း မှ ဦးဆောင်နေသော မော်တော်ယာဉ်ရောင်းဝယ်ရေးအုပ်စုဖြစ်ပြီး လူစီးယာဉ်များသာမက လုပ်ငန်းသုံးယာဉ်များကိုလည်း စင်ကာပူ၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့တွင် ဖြန့်ချီရောင်းဝယ်ရေးနှင့် ရောင်းပြီး နောက်ပိုင်းဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။ Cycle & Carriage သည် Jardine Cycle & Carriage Group ၏ အဖွဲ့ဝင်ဖြစ်ပြီး Mercedes-Benz နှင့် Mazda အမျိုးအစား လူစီးယာဉ်များ သာမက Fuso လုပ်ငန်းသုံးယာဉ်များကိုလည်း ဖြန့်ဖြူးပေးလျက် ရှိသည်။

အသစ်ဖွင့်လှစ်လိုက်သည့် Mercedes-Benz 3S Autohaus အရောင်းပြခန်းသည် စတုရန်းပေ ၂၅ဝဝဝ ကျယ်ဝန်းပြီး အမှတ်-၄၄၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here