Cyber တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့သည့် Honda

189

ဂျပန်ထိပ်တန်း ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Honda ၏ အင်တာနက်ကွန်ရက်များကို Cyber တိုက်ခိုက်မှု ပြုလုပ်ခံခဲ့ရကြောင်း ဇွန် ၉ ရက်တွင် Honda ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ Cyber တိုက်ခိုက်မှုကို Honda ရုံးချုပ် တည်ရှိရာ ဂျပန်နိုင်ငံနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံမှ စက်ရုံများ၊ Showroom များတွင် ထိခိုက်မှုမရှိခဲ့ဘဲ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်နှင့် တူရကီမှ စက်ရုံအချို့၊ အိန္ဒိယနှင့် တောင်အမေရိကက မော်တော်ဆိုင်ကယ်စက်ရုံများ တိုက်ခိုက်မှုခံခဲ့ရသောကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းထားခဲ့သည်။ အမေရိကန်တွင် အခြားစက်ရုံများ Cyber တိုက်ခိုက်မှုခံရခြင်းမရှိဘဲ အိုဟိုင်းယိုးစက်ရုံသာ တိုက်ခိုက်မှုခံခဲ့ရပြီး ကုမ္ပဏီအနေဖြင့် ကွန်ပျူတာစနစ်ကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေကြောင်း Honda ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Hidenori Takeyasu က ပြောသည်။

Hacker များသည် Honda ၏ အတွင်းပိုင်းကွန်ရက်ဆာဗာကို ကွန်ပျူတာဗိုင်းရပ်စ်များဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ပြည်ပနိုင်ငံ အချို့မှ စက်ရုံများ၊ Showroom များနှင့် ရုံးခန်းများ၏လုပ်ငန်းလည်ပတ်မှုများ ပျက်ပြားသွားခဲ့ရပါသည်။ Cyber တိုက်ခိုက်မှုကြောင့် ကုမ္ပဏီ၏ အရေးကြီး အချက်အလက်များ ပေါက်ကြားခဲ့ခြင်းကဲ့သို့ အထောက်အထားမျိုး မတွေ့ရသေးကြောင်း Honda တာဝန်ရှိသူများက ဆိုသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် အခက်တွေ့နေရသည့် Honda အနေဖြင့် မေ ၁၁ ရက်က အမေရိကန်စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခဲ့သလို လာမည့်ရက်ပိုင်းအတွင်း၌လည်း ဗြိတိန်စက်ရုံများ ပြန်လည် လည်ပတ်ပတ်တော့မည် ဖြစ်ကြောင်း သိရသည်။

ထုတ်လုပ်မှုများ ပြန်လည်စတင်ရန် ကြိုးစားနေချိန်တွင် ယခုကဲ့သို့ Cyber တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကာ ကွန်ပျူတာစနစ် လုံခြုံ စိတ်ချမှုအပြည့်ဖြင့် ပြန်လည်လုပ်ဆောင်နိုင်မည့်အချိန်ကို အတိအကျထုတ်ပြန်နိုင်ခြင်း မရှိသေးချေ။ သို့သော် လာမည့် ရက်အနည်းငယ်အတွင်း Network လုံခြုံရေး အဆင့်မြှင့်တင်မှုကို ပြုလုပ်နိုင်မည်ဟု Honda နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။ ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Honda Motor Company သည် ၂၀၁၇ ခုနှစ်ကလည်း ယခုကဲ့သို့ Cyber တိုက်ခိုက်မှုမျိုး ကြုံတွေ့ခဲ့ရဖူးပြီး ဂျပန်နိုင်ငံရှိ စက်ရုံများ၏ ယာဉ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here