Covid-19 Negative အတည်ပြုကတ်များ အတုပြုလုပ်သူနှင့် ကိုင်ဆောင်သူများကို ဖမ်းဆီးအရေးယူ

124

 

မန္တလေး၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ ဒုတိယအများဆုံး မန္တလေးတိုင်းဒေသကြီး၌ တိုင်းဒေသကြီးအဝင် စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးပြီးမှ ဝင်ရောက်ခွင့်ပြုနေပြီး နေ့စဉ်ကြပ်မတ်စစ်ဆေးလျက်ရှိရာ နိုဝင်ဘာ ၂၅ ရက်က Covid-19 Negative ဖြစ်ကြောင်း အတည်ပြုကတ်အတု ကိုင်ဆောင်သူကို စစ်ဆေးတွေ့ရှိသဖြင့် ကွင်းဆက်အရ အတုပြုလုပ်သူများပါ ဖမ်းဆီးအရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက်က တပ်ကုန်းမြို့၊ ညောင်လွန့်စစ်ဆေးရေးဂိတ်တွင် ရမည်းသင်းဘက်မှလာသော 9A/ ….. ဒိုင်နာယာဉ်၏ ယာဉ်မောင်း ကိုစိန်ဝင်းထွန်း၊ 8M/…. Canter ခြောက်ဘီး ယာဉ်မောင်း ကိုအောင်ဇော်မြင့်တို့ကို စစ်ဆေးရာ RDT စစ်ဆေးချက်လက်မှတ်များမှာ မသင်္ကာသဖြင့် ပျော်ဘွယ်မြို့နယ် ဆရာဝန်ကြီးအဖွဲ့၊ ရမည်းသင်းမြို့နယ်ဆရာဝန်ကြီးအဖွဲ့နှင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီးအဖွဲ့တို့ထံ လှမ်းအကြောင်းကြားခဲ့ကြောင်း၊ သိပ်မကြာမီ ဆရာဝန်ကြီးများအဖွဲ့ ရောက်ရှိလာပြီး သေချာစစ်ဆေးကြည့်ရာတွင် အတုပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါစာရွက်အတုများကို ပျော်ဘွယ်မြို့ရှိ …. ဂိတ်တာဝန်ကျ ရန်လင်းဦးထံမှ နိုဝင်ဘာ ၂၅ ရက် နံနက် ၇ နာရီအချိန်တွင် ရယူခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ Covid-19 Negative အတည်ပြုကတ်အတုကိုင်ဆောင်သူ စိန်ဝင်းထွန်းနှင့် အောင်ဇော်မြင့်တို့ နှစ်ဦးအား ပျော်ဘွယ်မြို့မရဲစခန်းက (ပ) ၅၇၈/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ အရ အမှုဖွင့်၍ ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထပ်မံသိရသည်။

ဆက်လက်၍ ကွင်းဆက်တရားခံများ ဖမ်းဆီးနိုင်ရန် စုံစမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၅ ရက် ည ၆ နာရီအချိန်၌ ရန်လင်းဦး (၃၅ နှစ်) အား မြင်းဘက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ယင်းစာရွက်အတုများကို ထက်အောင် (၂၆ နှစ်) ကွန်ပျူတာ မိတ္တူဆိုင်၊ ပျော်ဘွယ်မြို့နေသူထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် ထက်အောင်အား ဆက်လက်စုံစမ်းခဲ့ရာ ၎င်းအလုပ်လုပ်ကိုင်နေသည့် မိတ္တူဆိုင်တွင်ပင် ကျန်းမာရေးထောက်ခံစာနှင့် စည်းတံဆိပ်တုံးအတုများပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁ နာရီ ၁၀ မိနစ် အချိန်၌ ဖမ်းဆီးရမိခဲ့သဖြင့် ကွင်းဆက်ပါရှိသူများကိုလည်း အမှုဖွင့်အရေးယူထားကာ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးတိုင်းအတွင်းရှိ စစ်ဆေးရေးဂိတ်အချို့အား တွေ့ရစဉ်။
ဓာတ်ပုံများ-မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here