Covid-19 Negative ထောက်ခံစာတွင် ၇၂ နာရီသာ အကျုံးဝင်မည်ဟူသည့် ညွှန်ကြားချက်အရ ကုန်စည်စီးဆင်းမှု အဟန့်အတားဖြစ်စေနိုင်ဟုဆို

145

 

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကုန်စည်သယ်ယူပို့ဆောင်မည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် Covid-19 Negative ထောက်ခံစာသည် ၇၂ နာရီသာ အကျုံးဝင်မည်ဆိုသည့် ညွန်ကြားချက်အရ ကုန်စည်စီးဆင်းမှု ရပ်တန့်နိုင်သည့် အနေအထားအထိ ဖြစ်နိုင်ကြောင်း မြန်မာနိင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိအချိန်တွင် သွားလာရေးအခက်အခဲများနှင့် ကျန်းမာရေးစစ်ဆေးမှု ကန့်သတ်ချက်များအရ ကုန်စည်စီးဆင်းမှု ၄၀ ရာခိုင်နှုန်းသာ သွားလာနိုင်ခြင်းဖြစ်ပြီး ယခုညွန်ကြားသည့် Covid-19 Negative ထောက်ခံစာသည် ၇၂ နာရီသာ အကျုံးဝင်မည်ဆိုသည့်အချက်အရ ရန်ကုန်တွင် ဆေးစစ်နိုင်မည့်နေရာ၊ အချိန်အခက်အခဲများနှင့် ကုန်တင်ယာဉ်မောင်း ရှားပါးသည့်ပြဿနာတို့ကြောင့် ကုန်စည်လုပ်ငန်းများကို အဟန့်အတားဖြစ်နိုင်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နိုင်သည့် အနေအထားအထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“အခု ဆေးစစ်အဖြေက ၇၂ နာရီပဲ အကျုံးဝင်မယ်ဆိုတော့ ယာဉ်မောင်းအခက်အခဲရှိမယ်၊ အစိုးရဆေးရုံ ဘယ်ဆေးရုံမဆို စစ်ဆေးလို့ရမယ်၊ စစ်ချင်တဲ့အချိန် စစ်ချင်တဲ့နေရာ ကုန်တင်ပြီးတဲ့အချိန် စစ်လို့ရမယ်ဆိုရင် ၇၂ နာရီလည်းပဲ အဆင်ပြေမယ်၊ အခုက MCC ခန်းမတစ်ခုမှာပဲ စစ်လို့ရတယ်၊ အချိန်စောင့်ရတာလည်း ရှိတယ်၊ ဒီထောက်ခံချက်မပါရင်လည်း သွားလို့မရဘူးဖြစ်နေတယ်၊ ကျန်းမာရေးရှုထောင့်က ကြည့်ရင်မှန်တယ်ဆိုပေမဲ့ ကုန်စည်စီးဆင်းမှုအတွက် အရမ်းခက်ခဲသွားမယ်၊ ကုန်တင်ကားသမားတွေအတွက် သတ်မှတ်ထားတဲ့အချက်တွေထဲမှာ ကုန်တင်ကားသမားတွေ သတ်မှတ်နေရာမှာပဲ ကုန်တင်/ကုန်ချ လုပ်ရမယ်၊ ဘယ်ဆိုင်မှာမှ သွားလာစားသောက်တာ မလုပ်ရဘူး၊ ကုန်တင်စီစဉ်တဲ့သူက အစားအသောက်အတွက် တာဝန်ယူရမယ် ဆိုတာတွေ ပါပြီးသားဖြစ်တာကြောင့် ကုန်တင်ကားသမားတွေက ဘယ်မှမသွားမလာရဘူး၊ ကားပေါ်မှာပဲ ဘယ်မှသွားစရာမလိုတဲ့အတွက် ဘယ်သူနဲ့မှလည်း ထိတွေ့စရာမရှိဘူး၊ ၇၂ နာရီပဲ အကျူံးဝင်တယ်ဆိုတဲ့ အချိန်ကတော့ အဆင်မပြေနိုင်ပါဘူး၊ ၇၂ နာရီ ပြည့်တာနဲ့ တစ်ခါစစ်ရမယ်ဆိုတာက ကုန်စည်စီးဆင်းမှု အဟန့်အတားဖြစ်ပြီး ရပ်တန့်လုနီးပါး ဖြစ်သွားမယ်ဆိုရင် ကုန်စည်ရှားပါးတာ၊ ကုန်စျေးနှုန်းမြင့်တက်တာတွေ ဖြစ်လာနိုင်တယ်” ဟု မြန်မာနိင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်မိုးက ပြောသည်။

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ Covid-19 ဆေးစစ်ချက် Negative ထောက်ခံချက်သည် ၇၂ နာရီသာ အကျုံးဝင်ပြီး သတ်မှတ်ချိန်ကျော်လွန်ပါက ကနဦး ဝင်ထွက်သွားလာမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝင်ပေါက်တွင် ထပ်မံစစ်ဆေးမှု ခံယူရမည်ဆိုသည်ကို Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရထံ ညွန်ကြားထားခြင်းဖြစ်သည်။

ကြည်ပြာ
ဓါတ်ပုံ-​ကျော်​ကျော်​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here