Covid-19 အလွန်ကာလ မြန်မာ့ခရီးသွား ပြန်လည်ဖွံ့ဖြိုးကောင်းမွန်လာရေး Myanmar Tourism Strategic Recovery Roadmap (2021-2025)ကို ရေးဆွဲနေ

111

 

မန္တ​လေး၊ စက်တင်ဘာ ၁၈

Covid-19 အလွန်ကာလ မြန်မာ့ခရီးသွား ပြန်လည်ဖွံ့ဖြိုး ကောင်းမွန်လာစေရေးအတွက် Myanmar Tourism Strategic Recovery Roadmap (2021-2025) ကို နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း Lux Dev ၏ အကူအညီဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များပါ၀င်သော အဖွဲ့နှင့် ရေးဆွဲလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

“အခုဖြစ်ပွားနေတဲ့ Covid-19 ရိုက်ခတ်မှုကြောင့် လုပ်ငန်းတွေ ပြန်လည်စတင်တဲ့အခါ ကြုံတွေ့ရမယ့် New Normal Situation အတွက် အခြေအနေ​တွေကိုပါ ဘက်စုံထောင့်စုံစဉ်းစားပြီး အနာဂတ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဆက်လက် ဖွံ့ဖြိုးတိုးတက်စေဖို့ အကောင်းဆုံးဖြစ်အောင် ထည့်သွင်းရေးဆွဲသွားပါမယ်” ဟု အဆိုပါ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခုအချိန်သည် Covid-19 Second Wave အဖြစ် ထပ်မံရိုက်ခတ်ခြင်းဖြစ်ပြီး ရောဂါပိုးကူးစက်ဖြစ်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာသည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားလာမှုများ ရပ်တန့်သွားပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်စပ်လုပ်ငန်းများအပေါ်တွင် ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့နေရကြောင်း၊၊ ထို့ကြောင့် နိုင်ငံတော်အဆင့် ရေးဆွဲထုတ်ပြန်ထားသည့် Covid-19 Economic Relief Plan (CERP) ၏ နောက်ဆက်တွဲအဖြစ် Covid-19 ကာလအတွင်းနှင့် အလွန်ကာလတွင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့ ဖွံ့ဖြိုးလာစေရန် အကောင်အထည်ဖော် ဆောင်ရွက်မည့် အဓိကဗျူဟာ သုံးရပ်ရေးဆွဲကာ လက်တွေ့ကျင့်သုံးလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနမှ သိရသည်။

“ရှေ့ဆက်ပြီး New Normal အတွက် SOP ​တွေနဲ့အညီ ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုသင်တန်း​တွေ ဖွင့်လှစ်တာ၊ ဟိုတယ်နဲ့ ခရီးသွားဘာသာရပ်ကို သင်ကြားပို့ချနေတဲ့ သင်တန်းကျောင်းတွေကို ထောက်ပံ့ကူညီတာ စတာတွေကိုပါ အကောင်အထည်ဖော် ​ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်” ဟု အဆိုပါ၀န်ကြီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မြန်မာနိုင်ငံတွင် Covid-19 အလွန်ကာလ၌ စျေးကွက်အသစ်များနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မဟာဗျူဟာအသစ်များ ဖော်ထုတ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် စီမံခန့်ခွဲမှုအဆင့် ၀န်ထမ်းများအတွက် သင်တန်းများနှင့် ပညာသင်ဆုများ ဆောင်ရွက်ပေးခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here