Covid – 19 အလွန်ကာလ မြစ်တွင်းသင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရန် စီစဉ်နေ

49

 

မန္တလေး၊ ဇန်နဝါရီ
Covid – 19 အလွန်ကာလ ပြည်တွင်း ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာရေးအတွက် မန္တလေးမြို့အနီး ဧရာဝတီမြစ်ကြောင်းအတွင်း မြစ်တွင်းသင်္ဘောခရီးစဉ် ပြေးဆွဲနိုင်ရန် ပြည်တွင်းရေကြောင်းဦးစီးဌာနနှင့် ညှိနှိုင်းဆွေးနွေးပြီး ဖြစ်၍ အဆင်သင့်အနေအထားဖြစ်ရန် စီ စဉ်နေကြောင်း မန္တလေးဧည့်လမ်း ညွှန်များအသင်းမှ သိရသည်။

“ဟိုတလောကတင် ပြည်တွင်းရေကြောင်းနှင့် ညှိပြီးပြီ၊ ပြည်တွင်း ရေကြောင်းဦးစီးဌာနကလည်း သင်္ဘောတွေ ပံ့ပိုးပေးဖို့ရှိတယ်၊ဧရာဝတီ မြစ်ကြီးတစ်ခုလုံးလည်း ရှိတယ်၊ စစ်ကိုင်းတောင်လို လှပတဲ့ View တွေရှိတယ်၊ လည်ပတ်တဲ့ ခရီးစဉ် လိုက်ချင်တဲ့သူတွေကလည်း ရှိတယ်၊ ဟိုတယ်နှင့် ခရီးသွားညွှန် ကြားရေးမှူးကလည်း စီမံချက်ဆွဲပြီးတော့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဆီ တင်ပြပေးပါမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောလိုက်တယ်၊ ကျွန်တော်တို့လိုတာက တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်၊ တိုင်းရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရဲ့ Covid-19 ထောက်ခံချက် အဲဒီနှစ်ခုရရင်တော့ စနိုင်မှာပါ”ဟု အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောကြားသည်။

Covid-19 ကြောင့် ခရီးသွားကဏ္ဍနှင့်သက်ဆိုင်သော လုပ်ငန်းပေါင်းများစွာ ထိခိုက်ခဲ့ရသည့် မြန်မာနိုင်ငံတွင် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန် စွန့်စားအားကစား ခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီး သွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး အခြေခံခရီးသွားလုပ်ငန်း၊ မြစ်တွင်းနှင့် မီးရထားအပျော်စီးခရီးသွား လုပ်ငန်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါ ခရီးသွားလုပ်ငန်း၊MICE ခရီးသွားလုပ်ငန်းတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ်ကို ဒီဇင်ဘာလလဆန်းပိုင်းတွင် လည်းကောင်း၊ မြစ်တွင်းသင်္ဘော ခရီးစဉ်ကို ဒီဇင်ဘာလ ဒုတိယပတ်တွင်လည်းကောင်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးသွားလုပ်ငန်း တို့ကို ဒီဇင်ဘာလနောက်ဆုံးပတ်တွင်လည်းကောင်း စတင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ထံ အ ကြောင်းကြားထားသည်။

“လက်ရှိမှာတော့ ခရီးသွား လုပ်ငန်း ခွင့်ပြုနိုင်မယ့် အနေအထား မရှိသေးပေမဲ့ မြစ်တွင်းသင်္ဘော ခရီးစဉ်တွေပြေးဆွဲဖို့ ပြင်ဆင်နေပါတယ်၊ ခွင့်ပြုမယ့်အနေအထား ရှိတယ်ဆိုရင် မန္တလေးပတ်ဝန်း ကျင်မှာက လူစုလူဝေး မဖြစ်စေဘဲ နဲ့ ဆောင်ရွက်နိုင်မယ့်အရာတွေ ရှိပါတယ်”ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ ဦးသန့်ဇော်က မှတ်ချက်ပြုသည်။

မန္တလေးခရိုင်သည် လတ်တ လောတွင် တစ်ခရိုင်လုံး Stay at Home သတ်မှတ်ထားဆဲဖြစ်သောကြောင့် မြစ်တွင်းသင်္ဘောခရီးစဉ်ကို ယခုရက်ပိုင်း စတင်နိုင်ဦးမည်မဟုတ်သော်လည်း Stay at Home ပယ်ဖျက်ပြီးပါက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုပြုချင်း စတင်ပြေးဆွဲနိုင်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here