Covid-19 ရောဂါထိန်းချုပ်ကာလဖြစ်သော်လည်း ကလေးမြို့တွင် ဒုစရိုက်လုပ်ငန်းများ ကာကွယ်နိုင်ရန် ညပိုင်းပိတ်ဆို့ရှာဖွေမှုများ နေ့စဉ်ပြုလုပ်နေ

138

 

ကလေး၊ ဇွန် ၄

Covid-19 ရောဂါထိန်းချုပ်ဆဲကာလဖြစ်သော်လည်း ကလေးမြို့တွင် ဒုစရိုက်လုပ်ငန်းများ ကာကွယ်နိုင်ရန် ညပိုင်းသွားယာဉ်များကို ပိတ်ဆို့ရှာဖွေမှုများ နေ့စဉ်ပြုလုပ်နေကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။

“Covid-19 ရောဂါဖြစ်ပွားနေတဲ့ကာလတုန်းကလည်း ကျွန်တော်တို့ အဖွဲ့စုံနဲ့ ညတိုင်း ပိတ်ဆို့ရှာဖွေတာတွေ နေ့စဉ်လုပ်တယ်၊ အခုလည်း ညတိုင်းလုပ်နေတယ်၊ အဓိကကတော့ ပိတ်ဆို့ရှာဖွေရင်းနဲ့ တုတ်၊ ဓား၊ လက်နက်လည်းစစ်တယ်၊ မူးယစ်ဆေးဝါးလည်းစစ်တယ်၊ ဆိုင်ကယ်သော့မပါတဲ့သူတွေဆိုလည်း ဆိုင်ကယ်ခိုးလာသလား မသင်္ကာရင်မသင်္ကာသလို စခန်းအထိ ခေါ်ပြီး သေချာစစ်တယ်၊ ခိုးလာတာဆိုရင်တော့ ဆိုင်ကယ်ခိုးမှုနဲ့ အမှုဖွင့်တယ်ပေါ့၊ အဲဒီလိုပဲ ညပိုင်းပိတ်ဆို့ကတော့ အဓိက ဒုစရိုက်မှုလုပ်ငန်းတွေ ကာကွယ်နိုင်ဖို့ ညတိုင်းလုပ်နေတာ” ဟု ကလေးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဘိုဘိုအောင်က ပြောကြားသည်။

ကလေးမြို့တွင် ညပိုင်းပိတ်ဆို့ရှာဖွေရာ၌ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တပ်မတော်တို့ ပူးပေါင်း၍ ရွေ့လျားစနစ်ဖြင့် ညစဉ်စစ်ဆေးနေကာ ဆိုင်ကယ်ခိုးမှုများ၊ မူးယစ်ဆေးဝါးများနှင့် အခြားဒုစရိုက်မှုများကို စစ်ဆေးဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း၊ ထို့ပြင် ညဉ့်နက်သန်းခေါင်လုံခြုံရေးအတွက် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သက်ဆိုင်ရာနယ်မြေရဲစခန်းအလိုက် လှည့်ကင်းများဆောင်ရွက်နေပြီး နေ့ခင်းပိုင်းတွင် အရပ်ဝတ်ဖြင့် လှည့်ကင်းပတ်ကာ အသွင်ယူသတင်းစုံစမ်း၍ မှုခင်းဖော်ထုတ်မှုများ လုပ်ဆောင်နေကြောင်း ကလေးမြို့မရဲစခန်းမှ ထပ်မံသိရသည်။

“ပိတ်ဆို့ရှာဖွေတာကိုတော့ မြို့မရဲစခန်းက တစ်ဖွဲ့၊ ခရိုင်ကတစ်ဖွဲ စုစုပေါင်းနှစ်ဖွဲ့က ညစဉ် ရွေ့လျားစနစ်နဲ့ ပုံမှန်လုပ်တယ်၊ ညနက်ပိုင်း လှည့်ကင်းကိုတော့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ ခရိုင်က ဒ/နတပ်ဖွဲ့ဝင်တွေ ညစဉ်လုပ်ဖြစ်တယ်၊ နေ့ခင်းဆိုရင်တော့ အရပ်ဝတ်နဲ့ အသွင်ယူလှည့်ကင်းပတ်တာရှိမယ်၊ ပြီးတော့ ဘဏ်တွေအားလုံးမှာ တာဝန်ချထားပေးတာရှိမယ်၊ အဓိကကတော့ ဒုစရိုက်လုပ်ငန်းတွေ မဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်ဖို့ ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တယ်” ဟု ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ကလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလမကုန်ခင်နှင့် မေလဆန်းပိုင်းက ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုအချို့ရှိခဲ့သော်လည်း ယခုဇွန်လဆန်းပိုင်းတွင် ယာဉ်တိုက်မှုမှလွဲ၍ အခြားအမှုအခင်းများ လျော့နည်းလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“ဒီရက်ပိုင်း ဆိုင်ကယ်ပျောက်တာတွေတော့ နည်းသွားတယ်၊ ဖြစ်နိုင်ရင် နေ့ခင်းရော ညပိုင်းရော ရဲတပ်ဖွဲ့က လုံခြုံရေးလုပ်ပေးသလို ပြည်သူတွေကလည်း သူ့အိမ်ကိုယ့်အိမ် လုံခြုံရေးကို ကိုယ်စီ သတိပြုစောင့်ကြပ်သင့်တယ်၊ အားလုံးကိုယ်စီလုပ်ဆောင်မှ ကြိုတင်ကာကွယ်ပြီးသားဖြစ်မှာ။ တစ်ခုခုဖြစ်တာနဲ့ ရဲကိုချည်း အပြစ်ပုံချလို့မရဘူး” ကလေးမြို့ခံတစ်ဦးဖြစ်သူ ဒေါ်ပဲက သူ့အမြင်ကို ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here