Covid-19 ရောဂါဂယက်နှင့် အဝယ်ဆင်ပြီးအေးနေဆဲ ကားအရောင်းအဝယ်ဈေးကွက်

292
Page(Test)

 

သြဂုတ် ၂၈ ရက်က လာမည့်ဘဏာနှစ်အတွက် ပြည်ထောင်စု၏ အ ခွန်အကောက်ဥပဒေကို ပြည်ထောင်စုလွတ်တော်တွင် တစ်ပိုဒ်ချင်းမဲခွဲ၍ အတည်ပြုကြောင်း ကြေညာခဲ့သည်။ ထိုကြေညာချက်အရ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေခွန်ကို ဝင်ငွေအလွာအလိုက် ကောက်ခံမည်ဟု ကြေညာခဲ့ရာ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေဖြင့် မော်တော် ယာဉ်များ ဝယ်ယူမည်ဆိုပါက လာမည့်ဘဏ္ဍာနှစ်မှစ၍ ကျပ်သိန်းတစ် ထောင်အောက်ကားများမှာ ၆ ရာခိုင်နှုန်းဖြင့် အခွန်ဆောင်ရတော့မည်ဖြစ် သည်။ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်းသုံးထောင်အထိဆိုပါက ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထက်မှ ကျပ်သိန်းသုံးသောင်းအထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းသုံးသောင်းအထက်ကို ၃ဝ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။ လာမည့်ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်နှစ်ဆပေးရ မည်ဖြစ်၍ လက်ရှိဝင်ငွေခွန်သက်သာနေချိန်အတွင်း ကားဝယ်ယူလိုသူ များသော်လည်း ယခုရက်ပိုင်း Covid-19 ရောဂါပိုးကူးစက် လူနာသစ်များ တဖြည်းဖြည်းပိုများလာခြင်းကြောင့် ထိုရောဂါအခြေအနေအပေါ် စိုးရိမ် စိတ်ဖြင့် စောင့်ကြည့်သူများပြားလာ၍ ကားအရောင်းအဝယ်များ အေးနေ သည်။ လက်ရှိတွင် ပြည်တွင်း၌ SKD ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် ကားကုမ္ပဏီအချို့နှင့် Brand New Car Showroom များမှ ဈေးနှုန်း အသစ်များဖြင့် ရောင်းချလာကြသော်လည်း ကားသစ်ဈေးကွက်မှာ အ ဝယ်အေးနေပြီး ကားဟောင်းဈေးကွက်လည်း နယ်အဝယ်မဆင်းသော ကြောင့် အဝယ်ဆက်လက်အေးစက်နေသည်။

‘‘ဝင်ငွေခွန်က ၃ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းကောက်ခံမယ်ဆို ပြီး အတည်ပြုလိုက်ပေမဲ့ ဒီအခြေအနေကြောင့် ပြေးဝယ်တာမျိုးတော့ မတွေ့ရပါဘူး၊ နောက်ပြီး မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒကလည်း ပုံမှန်အတိုင်း နှစ်ခုန်ပြီးသွားတာဆိုတော့ စိတ်ဝင်စားမှုနည်းသွားကြတယ်၊ လက်ရှိမှာ အဝယ်အေးနေရတာက ဒေါ်လာဈေး ကျလာတာရယ်၊ အ ကောက်ခွန်နဲ့ ကညနခွန်လျှော့ပေးလိုက်လို့ အနည်းနဲ့အများကားဈေး တွေကျသွားမလားလို့ မျှော်နေတာတွေရယ်ကြောင့် ထင်ပါတယ်၊ အဓိက အချက်ကတော့ Covid-19 ရောဂါဂယက်ကြောင့် အရောင်းအဝယ်အေးနေ ရတာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့လတွေက အခွန်လျှော့ပေးတာတွေ၊ ကျောင်း တွေပြန်ဖွင့်တာတွေကြောင့် လိုအပ်ချက်ရှိတဲ့သူတွေက ဝယ်ကြလို့ ဈေး ကွက်က ပုံမှန်အတိုင်း ဖြစ်နေရာကနေ ဒီရက်ပိုင်း Covid-19 ရောဂါကြောင့် ကျောင်းတွေ ပြန်ပိတ်သွားလိုက်ရတာတွေလည်း ရှိလာပါတယ်၊ နောက်ပြီး ကားဝယ်ဖို့ စရန်ပေးထားတဲ့သူတွေမှာလည်း တစ်ရက်နဲ့တစ် ရက် ရောဂါကူးစက်သူတွေများလာလို့ လက်ထဲရှိတဲ့ငွေကို ကားဝယ်မယ့် အစား လက်ထဲမှာသိမ်းထားမယ်၊ ကိုင်ထားချင်တယ်ဆိုတဲ့သူတွေက ပို များလာတာတွေလည်း တွေ့ရပါတယ်၊ အားလုံးက ဒီအခြေအနေမှာ Covid-19 ရောဂါဂယက်က ဘယ်လောက် Impact ဖြစ်မလဲကို စိုးရိမ် နေကြတာကြောင့် ဖြစ်ပါတယ်’’ဟု ‘မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း’ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောသည်။

လာမည့်ဘဏ္ဍာနှစ်တွင် အထူးကုန်စည်ခွန်ကို ယခုဘဏ္ဍာနှစ်အတိုင်း ၁၅ဝ၁ စီစီမှ ၂ဝဝဝ စီစီအထိကို ၁ဝ ရာခိုင်နှုန်း၊ ၂ဝဝ၁ စီစီမှ ၄ဝဝဝ စီစီအထိကို ၃ဝ ရာခိုင်နှုန်း၊ ၄ဝဝဝ စီစီအထက်ကို ၅ဝ ရာခိုင် နှုန်းကောက်ခံမည်ဖြစ်သည်။ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအရ ၂ဝ၂၁ ခုနှစ်တွင် လူစီးယာဉ်များကို ၂ဝ၁၉ မိုဒယ်မှစ၍ တင်သွင်းရမည်ဖြစ်ပြီး လုပ်ငန်းသုံးယာဉ်များကို ၂ဝ၁၇ မိုဒယ်မှစ၍ တင်သွင်းရမည် ဖြစ်သည်။ ၂ဝ၁၇၊ ၂ဝ၁၈ မိုဒယ်များမှာ ယခုနှစ်အတွင်းသာ တင်သွင်းခွင့်ရမည်ဖြစ်ပြီး လာမည့်နှစ်တွင် ၂ဝ၁၉ မိုဒယ်မှစ၍ တင်သွင်းရမည်ဖြစ်၍ ဈေးကွက် အကြိုက်တင်သွင်းနိုင်သည့်ကား နည်းသွားနိုင်ပြီး ကားတန်ဖိုးများလည်း မိုဒယ်မြင့်သွားခြင်းကြောင့် ဈေးများသွားမည် ဖြစ်သည်။

‘‘ပြီးခဲ့တဲ့လက ကားလောကအတွက် အပြောင်းအလဲတွေ ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်၊ အစိုးရဌာနဆိုင်ရာတွေဘက်က အခွန်လျှော့ပေးတာတွေကို ခပ်စိပ်စိပ်ကြေညာခဲ့ပါတယ်၊ ဝန်ထမ်းပါမစ်ကလည်း နှစ်စကတည်း ကပေးမယ်၊ မပေးဘူးနဲ့စခဲ့ပြီး အခုအချိန်ထိတော့ တိတိကျကျသတင်းရယ်လို့ ထွက်မလာသေးဘူး၊ နောက်ပြီး လာမယ့်ဘဏာနှစ်ကစပြီး စည်း ကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေကို ၃ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း ကောက်မယ်လို့ အတည်ပြုကြေညာတာတွေလည်း ရှိလာခဲ့ပါတယ်၊ ဒါ့ပြင် လာမယ့်နှစ်အတွက် မူဝါဒကို ဆောလျင်စွာ ထုတ်ပြန်ကြေညာတာမျိုးတွေလည်း တွေ့လာရပါတယ်၊ ဒါကြောင့် ဘယ်လိုသတင်းတွေ ထပ်ထွက် လာမလဲဆိုပြီး စောင့်နေကြတာတွေလည်း ရှိသလို Covid-19 ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် စီးပွားရေးနှောင့်နှေးတာ တွေရှိလာလို့ ဝယ်မယ့်သူတွေဘက်ကလည်း စောင့်ကြည်လာကြတဲ့အတွက် အဝယ်အေးနေတာ တွေ့ရပါတယ်၊ ပထမဆုံးအကြိမ်ကူးစက်မှုကနေ ငြိမ်သက်သွားလို့ မေလကစပြီး ကားအရောင်းအဝယ်တွေ အနည်းငယ်ပြန် လှုပ်လာပေမဲ့ ဒုတိယတစ်ကြိမ်ပြန်တွေ့လာတဲ့ ရောဂါကူးစက်သူ စာရင်း တွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်ပြီး ဒီရိုက်ခတ်မှုက ဘယ်အချိန်အထိ ဖြစ်မလဲဆိုတာ စောင့်ကြည့်ချင်သူကလည်း ပိုများသွားပါတယ်’’ဟု
‘Perfect Auto ’မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာပြည့်စုံဝင်းသိန်းက ဆိုသည်။

လာမည့်နှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒတွင် ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုးတင်သွင်းခွင့်နှင့် ဖရီးပါမစ်ဖြင့် တင်သွင်းခွင့်ဟူ၍ ခွဲခြားကြေညာခြင်းမရှိတော့သော်လည်း ဈေးကွက်အတွင်း စလစ်ကပ်ရမည့် ကားများကျန်နေသေးသကဲ့သို့ ရန်ကုန်လိုင်စင်ဖြင့် ဝယ်ယူလိုသူများ အတွက်လည်း စလစ်လိုအပ်ချက်ရှိနေဦးမည်ဖြစ်၍ စလစ်ဈေးများမှာ အပြောင်းအလဲ မဖြစ်သေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here