COVID-19 ရောဂါကြောင့် အဝယ်ရပ်ဆိုင်းသွားသည့် ကားစျေးကွက်

512

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်လာသလို မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်သူဦးရေ ၂၇ ဦးရှိလာ၍ ပြည်သူများ စိုးရိမ်ပူပန်မှု ပိုမိုမြင့်တက်သွားသည်။ ထို့ကြောင့်လူအများစုသည် အစားအသောက်နှင့် ဆေးဝါးများကိုသာ ဝယ်ယူကြ သည်။ ကားစျေးကွက်တွင် ရန်ကုန်အဝယ်ရော၊ နယ်အဝယ်ပါ ပျောက်​နေ၍ စျေးကွက်ရပ်ဆိုင်းသွားသည်။COVID-19 ရောဂါကူးစက်မှုကာကွယ်ရန် လူစုလူ​ဝေးများ​လျှော့ချရမည်ဖြစ်၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကလည်း ကနဦးမှတ်ပုံတင်ခြင်း အပါအဝင် မော်တော်ယာဉ်နှင့် ဆက်စပ်သည့် လုပ်ငန်းများအားလုံးကို ယာယီရပ်ဆိုင်းထားသည်။ ထို့ကြောင့် ကားအရောင်းပြခန်းနှင့် ကားအရောင်းစင်တာများ ကားရောင်းချရန် မလွယ်ကူ​တော့သလို COVID-19 ရောဂါဂယက်​​ကြောင့် ဝယ်လိုအားသိသိသာသာ ပျောက်သွားသည်။

“ဒီနှစ် အရောင်းအဝယ်က မကောင်းရတဲ့အထဲ မြန်မာနိုင်ငံမှာ လည်း ရောဂါကူးစက်သူ ၂၇ ဦးရှိပြီဆိုတော့ ပိုဆိုးသွားပါတယ်၊ ရောဂါကူးစက်မှာစိုးတဲ့အတွက် မသွားရဲမလာရဲ ဖြစ်နေတာတွေရှိသလို တတ်နိုင်တဲ့သူတောင်မှ ဒီအချိန်မှာကားဝယ်ဖို့ထက် ရောဂါမဖြစ်အောင် ကာကွယ်နိုင်ဖို့လုပ်နေကြတယ်၊ ရန်ကုန်အဝယ် မဆင်းသလို နယ်အဝယ်တွေကလည်း ဒီရောဂါကြောင့် မဆင်းကြတော့ပါဘူး၊ ရောဂါကူးစက်သူရှိပြီလို့ သတင်း ထုတ်ပြန်ပြီးနောက်ပိုင်းကစပြီး ခုချိန်ထိ အဝယ်ပျောက်နေပါတယ်၊ တချို့အရောင်းစင်တာ/ပြခန်:တွေ ဒီရောဂါရဲ့ ကူးစက်မှုအခြေအနေတွေက ဘယ်လိုဖြစ်မလဲမသိ​တော့ ပိတ်ကြတယ်၊ ဖွင့်ထားတဲ့ Sale Center တွေကျတော့လည်း အဝယ်မလာတဲ့ရက်ကများပြီး တစ်ဦးစ နှစ်ဦးစလာတာတောင်နည်းပါတယ်၊ စျေးကွက်အခြေ အနေက ရောင်းချင်တဲ့သူများပြီးဝယ်မယ့်သူမရှိ ဖြစ်နေတယ်၊ အသစ်ကလည်း ကနဦးပိတ်ထား​တော့ ရောင်းဖို့ ခက်နေသလို နံပါတ်ထွက်ပြီးသား​တွေကလည်း ကညန မှာ ယာဉ်မှန်မမှန် စစ်လို့မရလို့ ရောင်းဖို့ ခက်သွားပြီး ဝယ်ဖို့လည်း မရဲဖြစ်နေကြတယ်၊ COVID-19 ရောဂါ ဂယက်​​ကြောင့် ကား​စျေးကွက် ပျက်သလိုဖြစ်​နေတယ် ” ဟု MMMကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ပြောသည်။

COVID-19 ရောဂါကူးစက်ခံရသည့် နိုင်ငံများစာရင်းတွင်ပါဝင်လာ၍ ကားစျေးကွက်တွင် ဝယ်လက်မရှိဖြစ်​နေသော်လည်း ကားစျေးနှုန်းများမှာ သိသိသာသာ ချရောင်းခြင်းမရှိသေးသလို ဝယ်/ရောင်း အချင်းချင်း ကားပြန်ကောက်ခြင်းလည်း လျော့နည်းသွားသည်။ Brand New ကားရောင်းပြခန်းများသည် အထူးအစီအစဉ်များဖြင့်ရောင်းချသော်လည်း အဝယ်မရှိ၍ အရောင်းအဝယ်များ သိသိသာသာ အေးစက်နေသည်။ ထို့ပြင် COVID-19 ​ရောဂါဂယက်​ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ ပြည်တွင်းစီးပွားရေးလည်း ကျဆင်းလာပြီး ခရီးသွားလုပ်ငန်းများ ရပ်တန့်သွားသည်။ ထို့ကြောင့် အငှားကားများ ကုမ္ပဏီပိုင်ကားများကို ​ပြန်လည်​ရောင်းချလာကြသည်။

“ COVID-19 က မြန်မာနိုင်ငံမှာပါကူးစက်နေပြီဆိုတော့ ကား​စျေးကွက်က အဝယ်လုံးဝ ​​ပျောက်သွားတယ်၊ ကားအသစ်ရော ကားအဟောင်းပါ ဒီအချိန်မှာ အဝယ်အေးပါတယ်၊ ဖုန်းဆက်မေးကြတဲ့သူ တစ်ဦးစ နှစ်ဦးစရှိသလို အဝယ်မလာတဲ့ရက်တောင် ရှိပါတယ်၊အရောင်းအဝယ်ဆက်ပြီး ကောင်းလာမလား၊ ဆက်ပဲအေးမလားဆိုတာက ခန့်မှန်းရခက်ပါတယ်”ဟု United Eleven မှ ဒါရိုက်တာ ကို​အောင်သူက ပြောသည်။

လက်ရှိစျေးကွက်အတွင်း ကားသစ်​ရော ကားဟောင်းပါ အဝယ်ပျောက်နေသောကြောင့် ယာဉ်အို/ယာဉ်ဟောင်း စျေးကွက်မှာလည်း ပိုအေးသွားသည်။ ရန်ကုန်လိုင်စင် အမည်ပေါက်စလစ် ကျပ်သိန်းတစ်ရာဝန်းကျင်သာရှိပြီး ဖောက်စွပ်စလစ်များမှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေးဖြင့် အရောင်းအဝယ်ဖြစ်​​ကြောင်း သိရသည်။

“အရင်ကတော့ Showroom မှာကားဝယ်ဖို့လာကြည့်တဲ့ သူတစ်နေ့ကို လူ ငါးဆယ် ဝန်းကျင်ရှိတယ်၊ ဒါပေမဲ့ COVID-19 ရောဂါကူးစက်သူရှိပြီလို့ သတင်းထွက်ပြီးတဲ့​နောက်မှာ ၁၀ဦးပြည့်​အောင်​တောင်မလာကြဘူး၊ လာဝယ်တဲ့သူကျတော့လည်း တကယ်လိုအပ်နေတဲ့သူ ဖြစ်နေချိန်မှာ ကနဦးပိတ်ထားတော့ Pre-order ရောင်းဖို့​တောင် ခက်သွားပါတယ်” ဟု Hyundai Motor Myanmar မှ Marketing Manager ကိုမျိုးဝင်းက ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here