ရန်ကုန်၊ စက်တင်ဘာ ၂၃
Covid-19 ရောဂါ ကူးစက်မှု မြင့်တက်လာခြင်းကို ကာကွယ်ရန်အတွက် YBS ကားပေါ်တက်သည့် ဝင်ပေါက်တွင် ခရီးသည်တစ်ဦးချင်းစီကို ပိုးသတ်ဆေး အလိုအလျောက် ဖျန်းသည့်စနစ် စတင်စမ်းသပ်နေပြီ ဖြစ်ကြောင်း Power Eeven ကုမ္ပဏီမှ သိရသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လမှ၍ Covid-19 ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုအဖြစ် ပြန်လည်စတင်လာခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်မှုမြင့်မားနေခြင်းဖြစ်သည်။ ယင်းတွင် ရန်ကုန်အတွင်း ကူးစက်မှုအများဆုံးခံစားနေရပြီး ထိုအခြေအနေကို ကာကွယ်ရန် အကူအညီတစ်ရပ်အနေဖြင့် Power Eleven ယာဉ်လိုင်းကုမ္ပဏီက တာဝန်ယူ ပြေးဆွဲနေသည့် YBS ယာဉ်များတွင် ပိုးသတ်ဆေး အလိုအလျောက် ဖျန်းသည့်စနစ် တပ်ဆင်အသုံးပြုရန် စီစဉ်နေခြင်းဖြစ်ရာ လက်ရှိတွင် YBS ၂၁ ယာဉ် သုံးစီး၌ စတင်စမ်းသပ်နေပြီ ဖြစ်ကြောင်း သိရသည်။
” Covid-19 ကူးစက်မှု ဒီထက်ဆိုးလာမယ်ဆိုရင် အဆင်သင့်အသုံးပြုနိုင်ဖို့အတွက် ဒီစနစ်လေးကို စမ်းသပ်နေတာပါ၊ ဗိုင်းရပ်စ်ပိုးက ကားမှာထက် စီးတဲ့လူတွေဆီမှာ ရှိကောင်းရှိနိုင်တယ်၊ အဲ့ဒါကြောင့် ခရီးသည် တစ်ယောက်ချင်းစီကို ဒီလိုစီမံလိုက်ရင် အားလုံးအတွက် အကာအကွယ်တစ်ခု ဖြစ်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ အခုစမ်းသပ်နေတာက ဒီစက်က ဘယ်လောက်အတိုင်းအတာအသုံးပြုလို့ရနိုင်မလဲ၊ ခရီးသည် တစ်ယောက်ချင်းစီးကို ဘယ်လောက်အထိ လုံခြုံအောင်လုပ်ပေးနိုင်မလဲဆိုပြီး စမ်းသပ်နေတာပါ၊ ပိုးသတ်ဆေးက လူ့ခန္ဓာကိုယ်ကို မဖျန်းသင့်ဘူးဆိုပြီး ကျန်းမာရေး ဝန်ကြီးဌာနက ညွန်ကြားထားတာလည်း ရှိတဲ့အတွက် ဘယ်ဆေးက အဆင်ပြေမလဲဆိုပြီး ရှာနေပါတယ်၊ လက်ရှိစမ်းသပ်တဲ့အဆင့်မှာပဲ ရှိပါသေးတယ် ” ဟု Power Eleven ယာဉ်လိုင်း ဥက္ကဌ ကိုတရုတ်လေးက ပြောသည်။
Covid-19 ရောဂါ ကူးစက်မှု ထပ်မံမြှင့်တက်လာပါက Power Eleven ယာဉ်လိုင်းကုမ္ပဏီမှ တာဝန်ယူပြေးဆွဲနေသည့် YBS ယာဉ်များတွင် ပိုးသတ်ဆေးအလိုအလျောက် ဖျန်းပေးသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်ပြီး လက်ရှိတွင် ယင်းစနစ်ကို စတင်စမ်းသပ်နေပြီ ဖြစ်ကြောင်း သိရသည်။ Power Eleven ယာဉ်လိုင်းကုမ္ပဏီသည် YBS ၂၁ ၊ ၃၉ ၊ ၄၁ ယာဉ်လိုင်း သုံးလိုင်းကို ယာဉ်အစီး ၂၅၀ ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။
ကြည်ပြာ
ဓါတ်ပုံ-Power Eleven