COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ရမှသာ အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်မည်

99

 

ရန်ကုန်၊ ဇန်နဝါရီ
ပြည်တွင်း လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲသကဲ့သို့ COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ရမှသာ အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခြင်းအတွက် သီးသန့်ညွှန် ကြားချက်ဖြင့် ရပ်နားထားခြင်း မဟုတ်သော်လည်း ကျန်းမာရေး သတ်မှတ်ချက်များအရ ယာဉ်လိုင်း များရပ်နားထားရခြင်း ဖြစ်သည်။ ထို့ကြောင့် အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရန်အတွက် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ကို စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

“အဝေးပြေးယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်က YRTA က လုပ်လို့မရပါဘူး၊ အဓိကက နိုင်ငံ တော်အဆင့်က ခွင့်ပြုတယ်ပဲဖြစ် ဖြစ်၊ ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲသလိုမျိုး ညွန်ကြားချက်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးမှရမှာပါ၊ အဲ့ဒါကိုပဲ အားလုံးက စောင့်ဆိုင်းနေကြရတာပါ”ဟု YRTA အတွင်း ရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

COVID-19 ပထမလှိုင်းတွင် အဝေးပြေးခရီးသွားဦးရေ လျော့ကျသွားသော်လည်း ယာဉ်လိုင်းများ ရပ်နားရခြင်းမရှိဘဲ ယာဉ်အစီးရေ လျှော့ချ၍သာ ပြေးဆွဲခဲ့ရသည်။ သို့သော် COVID-19 ဒုတိယလှိုင်း စတင်ချိန်တွင် ရောဂါကူးစက်မှုမြင့် တက်လာခြင်းနှင့်အညီ ကျန်းမာရေး စည်းကမ်းချက်များ တင်းကြပ်စွာ ချမှတ်လာသည့်အတွက် ခရီးသွားမရှိသလောက် ကျဆင်းသွားပြီး ယာဉ်လိုင်းအားလုံး လက်ရှိ အချိန်အထိ ရပ်နားထားရဆဲဖြစ် သည်။ ထို့အတူရပ်နားခဲ့ရသည့် ပြည်တွင်းလေကြောင်းလိုင်း ခရီး စဉ်များကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် ပြန်လည်ပြေးဆွဲခွင့် ရရှိခဲ့သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here