Covid-19 ဒုတိယလှိုင်းကာလ မန္တလေးမြို့တွင် ဆိုင်ကယ်၀ယ်/ရောင်းများ အခက်တွေ့

117

 

မန္တ​လေး၊ စက်တင်ဘာ ၁၆

Covid-19 ဒုတိယလှိုင်းကာလ မန္တလေးမြို့ပေါ်ရှိ စိမ်းကမ္ဘာဝိုင်းနှင့် ၅၉ ဝိုင်းတွင် ဆိုင်ကယ်အရောင်းအ၀ယ်ပြုလုပ်သူ အလွန်နည်းပါးသွားပြီး ဆိုင်ကယ် လာရောက်၀ယ်ယူသူ နည်းပါးမှုကြောင့် အခက်တွေ့နေကြကြောင်း သိရသည်။

“Covid-19 ပထမအကြိမ်ဖြစ်တုန်းကလည်း ဆိုင်ကယ်တွေ ပိုက်ဘောမိသလိုဖြစ်သွားတယ်၊ ၀ယ်ထားတဲ့ဆိုင်ကယ်တွေ ပြန်ရောင်းမထွက်တော့ ငွေပေါ်အောင် အရှုံးခံရောင်းလိုက်ကြရတယ်၊ အခုလည်း ဒုတိယလှိုင်းဖြစ်တော့ ဝိုင်းထဲမှာ ဆိုင်ကယ်၀ယ်ဖို့ လာမေးသူ မရှိသလောက်ဖြစ်သွားတယ်၊ ဒါနဲ့ တချို့တွေလည်း ဝိုင်းထဲ လာမရောင်းကြတော့ဘူး၊ အိမ်မှာပဲ နေကြတော့တယ်ပေါ့၊ ဆိုင်ကယ်ရောင်းရတာ အရှိန်လေးရခါစပဲရှိသေးတယ်၊ အခု ဒုတိယအကြိမ်ထဖြစ်တော့ အများစု ဆိုင်ကယ်မရောင်းရလို့ အကျပ်ရိုက်နေကြတယ်” ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်၀ယ်/ရောင်းတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ပေါ်ရှိ ဆိုင်ကယ်ဝိုင်းများတွင် လတ်တလော၌ ဆိုင်ကယ် လာရောက်၀ယ်ယူသူထက် လာရောက်ရောင်းချသူက ပိုမိုများပြားနေပြီး ငွေအင်အားတတ်နိုင်သော ၀ယ်/ရောင်းအချို့သာ ဆိုင်ကယ်အရေအတွက်များများ ၀ယ်ယူစုဆောင်းထားကြ​ကြောင်း၊ အများစုမှာ ယခင်အကြိမ်ကကဲ့သို့ဖြစ်မည်စိုး၍ ဆိုင်ကယ်ပြန်၀ယ်မှု အရေအတွက်ကို လျှော့ချထားကြကြောင်း မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်

“Covid-19 ကာလက ဘယ်နှလကြာမယ် ဘယ်သူမှ မပြောနိုင်ဘူး၊ လချီကြာတဲ့အထိ ဆိုင်ကယ်တွေမရောင်းရရင် ငွေက အောင်းနေမှာ၊ ဆိုင်ကယ်တွေပဲ ပြစရာရှိတယ်ဖြစ်နေမှာ၊ ဒါကြောင့် ဒီရက်ပိုင်းမှာ ၀ယ်/ရောင်းတွေကိုယ်တိုင် အများစု ဘီးကောင်းပြီး တန်မှသာ တစ်စီး၊ နှစ်စီး ဘီးပြန်ကောက်ကြတယ်(ပြန်၀ယ်ကြတယ်)ပေါ့” ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်၀ယ်/ရောင်းတစ်ဦးက ထပ်မံဆိုသည်။

လက်ရှိတွင် မန္တလေးမြို့ အပါအ၀င် မန္တလေးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါပိုးတွေ့ရှိထားသူ ၁၁၄ ဦးအထိ ရှိလာပြီး ကန်တော်နဒီဆေးရုံ၌ သတ်မှတ်ဦးရေပြည့်သွားပြီဖြစ်သဖြင့် Positive လူနာများ ထပ်မံတွေ့ရှိပါက ခုတင် ၃၀၀ သင်ကြားရေးဆေးရုံတွင် ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here