ကလေး၊ အောက်တိုဘာ ၅
Covid-19 ဒုတိယလှိုင်းကာလအတွင်း ကျန်းမာရေးကိစ္စဖြင့် အရေးပေါ် သွားလာကြမည့်သူများ အဆင်ပြေစေရန် အော်ဒါအငှားလိုက်သော အငှားကားများအနေဖြင့် ခရီးအကွာအဝေးအပေါ်မူတည်၍ တစ်စီးလျှင် ကျပ် နှစ်သိန်းခွဲမှ ခြောက်သိန်းအထိ စျေးပေါက်လျက်ရှိကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
“ဒီအချိန်က ခရီးသည်တင်ယာဉ်လိုင်းတွေ ရပ်ထားရတော့ အရေးပေါ်အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ အရေးပေါ်ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ် မဖြစ်မနေ သွားရမယ့်သူတွေရှိတယ်၊ အဲဒီ မဖြစ်မနေသွားရမယ့်သူတွေကျ အရေးကြီးတော့ ကားအပြတ်ငှားပြီး သွားကြရတာများတယ်၊ တစ်စီးကိုတော့ ခရီးအကွာအဝေးအပေါ်မူတည်ပြီး စျေးအမျိုးမျိုးပေါက်တာပေါ့” ဟု ကားအငှားလုပ်ငန်းလုပ်ကိုင်နေသူ ကလေးမြို့ခံ ဦးလင်းကိုကိုက ပြောကြားသည်။
ကားအငှားလိုက်ရာတွင် Parado ၊ Pajero ၊ RAV-4 ၊ Mark-II စသော ကားများဖြင့် အော်ဒါလိုက်လေ့ရှိကြပြီး ကလေး-မန္တလေး (အသွား)တစ်ခေါက်လျှင် ကျပ် နှစ်သိန်းခွဲ၊ ကလေး-ရန်ကုန် (အသွား)တစ်ခေါက်လျှင် ကျပ် ၆ခြောက်သိန်း စသော နှုန်းထားများပေါက်လျက်ရှိကာ Covid-19 ကာလအတွင်း စျေးတိုးယူခြင်းမရှိကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ ထပ်မံသိရသည်။
“ကလေး-ရန်ကုန်ဆို အရင်ကလည်း အသွားတစ်ကြောင်းတင် အနည်းဆုံး ခြောက်သိန်းပေါက်တယ်၊ တချို့တွေဆို ခုနစ်သိန်းလည်း ယူကြတာရှိတယ်၊ အခုကာလမှာတော့ စျေးတက်ယူတာ မတွေ့ရဘူး၊ ပုံမှန်စျေးလောက်နဲ့ပဲ လိုက်ကြတာတွေ့ရတယ်” ဟု ကားအငှားလုပ်ငန်း လုပ်ကိုင်နေသူ ကလေးမြို့ခံ ကိုသိန်းသန်းထွေးက ဆိုသည်။
ကလေးမြို့မှ အခြားမြို့များသို့ ကားအငှားလိုက်သည့် ကားအုံနာ၊ သို့မဟုတ် ဒရိုင်ဘာများနှင့် ခရီးသွားမည့်သူများအနေဖြင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး စသော နေထိုင်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာများ ယူဆောင်သွားရကြောင်း ၎င်းတို့က ပြောဆိုသည်။
ကလေးမြို့ရှိ ကားအငှားလိုက်လုပ်ငန်းလုပ်ကိုင်သူအများစုသည် ပုံမှန်အားဖြင့် ကလေးမြို့မှ မန္တလေး-ပြင်ဦးလွင်-ရန်ကုန်နှင့် ကလေး-ချင်းပြည်နယ် ခရီးစဉ်များသို့ ၁၂ ရာသီပတ်လုံး သွားလာသူ များသဖြင့် အငှားစျေးကွက်သွက်လေ့ရှိသော်လည်း ယခုကာလတွင် Covid-19 ကပ်ရောဂါဘေးကြောင့် ကားငှားသူ အလွန်နည်းပါးနေကြောင်းလည်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)