Covid-19 ဒုတိယလှိုင်းကာလအတွင်း ဘီးကြီးဆိုင်ကယ်ဈေးကွက် ရိုက်ခတ်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေဟုဆို

149

 

မန္တလေး၊ နိုဝင်ဘာ ၁၅

Covid-19 ဒုတိယလှိုင်းကာလအတွင်း မန္တလေးမြို့တွင် ဆိုင်ကယ်အမျိုးအစားအများစု အရောင်းအေးနေသော်လည်း YAMAHA WR ၊ YAMAHA MT 09 ၊ ဒို၊ R Start စသည့် ဘီးကြီးဆိုင်ကယ်ဈေးကွက်မှာ ရိုက်ခတ်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ စုံစမ်းသိရသည်။

“အင်ဂျင်ပါဝါနိမ့်တဲ့ ဆိုင်ကယ်အများစုကတော့ အခု Covid-19 ဒုတိယလှိုင်းကာလအတွင်းမှာ အရောင်းအေးကြတယ်၊ ဒါပေမဲ့ ဘီးကြီးဆိုင်ကယ်ဈေးကွက်မှာတော့ အဆင်ပြေတယ်လို့ ပြောလို့ရတယ်၊ ရိုက်ခတ်မှု သိပ်မရှိဘူးပေါ့၊ သူ့ဝယ်လိုအားနဲ့သူ ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်” ဟု ဘီးကြီးဆိုင်ကယ်မျိုးစုံ ရောင်းချလျက်ရှိသော မန္တလေးမြို့ Moto ShanLay ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ထားသူ ကိုရှမ်းလေးက ပြောကြားသည်။

ဒို၊ R Start ၊ WR စသည့် လမ်းကြမ်းသုံး ဘီးကြီးဆိုင်ကယ်များကို ယခင်က ဆောင်းရာသီကာလကဲ့သို့သော ခရီးသွားရာသီရောက်မှသာ အဝယ်လိုက်လေ့ရှိသော်လည်း ယခု မိုးမကုန်မီကာလမှာပင် အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးတန်းလည်း အတက်အကျသိပ်မရှိကြောင်း မန္တလေးမြို့ ဘီးကြီးဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

“လမ်းကြမ်းသုံး ဂျပန်ဘီး ဘီးကြီးဈေးကွက်မှာက ဈေးအတက်အကျသိပ်မရှိဘူး၊ အရောင်းတအားအေးနေရင်တော့ ဈေးကျတာမျိုးရှိနိုင်ပေမဲ့ ဒီနှစ်မှာ ထူးခြားတာက အခုလိုမိုးတွင်းကာလမှာကို ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်ပေ့ါ၊ အရင်ကဆို ဆောင်းတွင်းမှပဲ အဝယ်လိုက်တာ၊ ဒီနှစ်က အခုအချိန်မှာကို အရောင်းအဝယ်ပုံမှန်အနေအထားဖြစ်နေတော့ ဈေးတန်းကလည်း အတက်အကျသိပ်မရှိဘူး၊ ပုံမှန်လောက်ပဲပေါ့” ဟု မန္တလေးမြို့ခံ ဘီးကြီးဆိုင်ကယ်များ ဝယ်/ရောင်းလုပ်ကိုင်နေသူ ဦးဝင်းဆန်းက ဆိုသည်။

မန္တလေးမြို့တွင် လတ်တလော၌ YAMAHA WR ဆိုင်ကယ်များမှာ မိုဒယ်အမျိုးအစားနှင့် ဘီးကောင်းမွန်မှုအပေါ်မူတည်၍ အနည်းဆုံး ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်း တစ်ရာကျော်အထိ ပေါက်ဈေးရှိနေ၍ ဒိုမှာ ကျပ်သိန်း လေးဆယ်မှ ကျပ်သိန်း ခြောက်ဆယ်ကျော်အထိ ဈေးပေါက်နေပြီး MT 09 ဆိုင်ကယ်မှာ ကျပ် ၆၅ သိန်းဝန်းကျင် ပေါက်ဈေးအသီးသီးရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here