Covid-19 စစ်ဆေးမည့် ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းမှ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ  သက်ဆိုင်ရာကုန်ဂိတ်များမှတစ်ဆင့် ပုံစံစာရွက်ဖြင့် လျှောက်လွှာကြိုတင်ကြရမည်ဟုဆို

84

 

မန္တလေး၊ နိုဝင်ဘာ ၁၀

Covid-19 ရောဂါပိုးရှိမရှိ စစ်ဆေးမည့် မန္တလေး ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကြီးကွင်း)အတွင်းရှိ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် မိမိ၏သက်ဆိုင်ရာကုန်ဂိတ်များမှတစ်ဆင့် ပုံစံစာရွက်ဖြင့် လျှောက်လွှာဖောင်ကြိုတင်ကြရမည့်စနစ်သို့ နိုဝင်ဘာ ၁၁ ရက်မှစ၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

“အရင်ကတော့ Covid-19 ပိုးရှိမရှိ စစ်ဆေးချင်တဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို ကျွန်တော်တို့အသင်းရုံးမှာ ကြိုတင်စာရင်းပေးသွင်းခိုင်းတယ်၊ အဲဒီမှာ အသင်းရုံးမှာ လာရောက်စာရင်းပေးသွင်းတဲ့သူက များပြားတဲ့အတွက် လူစုလူဝေးဖြစ်ပေါ်နိုင်တယ်ပေါ့၊ ဒါကြောင့် အခုကျတော့ အသင်းရုံးမှာ လာရောက်စာရင်းပေးသွင်းတာထက် ကိုယ့်သက်ဆိုင်ရာကုန်ဂိတ်မှာပဲ လျှောက်လွှာဖောင်ဖြည့်ခဲ့၊ ပြီးမှ အသင်းရုံးကို လျှောက်လွှာလာတင်လိုက်ရုံပဲ၊ လူစုလူဝေးမဖြစ်တော့ဘဲ လျှောက်လွှာဖောင်လာတင်ရုံပဲဆိုတော့ ပိုမြန်သွားတာပေါ့” ဟု မန္တလေးတိုင်း ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမရပူရမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်း (ခေါ်) စွယ်တော်ကားကြီးကွင်းမှ အမြန်လမ်း၊ သို့မဟုတ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းများသို့ ထွက်ခွာမည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Covid-19 ပိုးရှိမရှိ ကျန်းမာရေးစစ်ဆေးပေးခြင်းကို အောက်တိုဘာ ၁၁ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အသင်းရုံး၌ ကြိုတင်လာရောက်စာရင်းပေးသွင်းရာ လူစုလူဝေးဖြစ်ပေါ်၍ ကျန်းမာရေးထိခိုက်စေနိုင်သဖြင့် နိုဝင်ဘာ ၁၁ ရက်မှစတင်၍ ကုန်တင်ပြီးထွက်ခွာမည့် ကုန်တင်ယာဉ်များအနေနှင့် မိမိကုန်တင်သည့်ဂိတ်တွင် ပုံစံစာရွက်တောင်းယူဖြည့်သွင်း၍ အသင်းရုံးသို့ လာရောက်ပေးပို့သော စနစ်သို့ ပြောင်းလဲကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ထပ်မံသိရသည်။

“အသင်းသားလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ကုန်တင်ဂိတ်က ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ အဆင်ပြေအောင် လျှောက်လွှာပုံစံတွေကို အသင်းရုံးနဲ့ဆက်သွယ်ပြီး ကြိုတင်ထုတ်ယူထားဖို့တော့ လိုပါမယ်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

လျှောက်လွှာပုံစံများကိုမူ မန္တလေးမြို့ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းရှိ အဆောင် (BB)၊ အခန်း ၁ တွင် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအတွင်း နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါအသင်းက ယနေ့ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းအတွင်းရှိ ကုန်ဂိတ်ခန်းများကို Covid-19 မဖြစ်ပွားမီကာလက တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here