Covid-19 ကူးစက်ခံရသည့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် Triangle တာယာမှ ကျပ်သိန်း သုံးဆယ်လှူဒါန်း

129

 

မန္တလေး၊ အောက်တိုဘာ ၂၇

တရုတ်နိုင်ငံ၏ နာမည်ကြီး Brand တစ်ခုဖြစ်သော Triangle အမှတ်တံဆိပ် Truck & Bus တာယာများ၏ မြန်မာနိုင်ငံ တစ်ဦးတည်းကိုယ်စားလှယ် IME International Co.,Ltd က Covid-19 ကူးစက်ခံရသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် တစ်ဦးလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းဦးရေ သုံးဆယ်အတွက် ကျပ်သိန်း သုံးဆယ်ကို အောက်တိုဘာ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

“Triangle တာယာလုပ်ငန်းမှာ ကျွန်တော်တို့ဆီ အားပေးထားတဲ့ မိတ်ဖက်ဖောက်သည်တွေရှိတယ်၊ သူတို့က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေများတယ်၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလောကမှာလည်း Covid-19 ကြောင့် ကားသမားတွေ၊ အဓိက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အခက်အခဲဖြစ်ကြတယ်၊ Covid-19 ကူးစက်ခံရတဲ့အခါမှာ ကုန်တင်ယာဉ်မောင်းကြီးတွေနဲ့ ယာဉ်နောက်လိုက်တွေက ဝင်ငွေအနေနဲ့ အခက်အခဲရှိပြီးတော့ သူတို့မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေဖြစ်တဲ့ မန္တလေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေ သိရတယ်ပေါ့နော်၊ အဲဒီအတွက် တတ်နိုင်သမျှ ကူညီပေးချင်တာကြောင့် ကူးစက်ခံရတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တစ်ဦးကို ကျပ်တစ်သိန်းနှုန်းနဲ့ အယောက် သုံးဆယ်စာအတွက် သိန်း ၃၀ လှူဒါန်းပေးဖြစ်တာပါ” ဟု Triangle အမှတ်တံဆိပ်၏ Truck & Bus တာယာများ၏ မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ် IME International Co.,Ltd. မှ Chief Operating Officer (COO) ဒေါက်တာညီညီလတ်က ပြောကြားသည်။

IME International Co.,Ltd. သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း BAIC Group ၊ Foton Motor တို့နှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၄၃,၀၀၀ တန်ဖိုးရှိသည့် Negative Pressure Ambulance ယာဉ်နှစ်စီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၆,၀၀၀ တန်ဖိုး လှူဒါန်းခဲ့သည့်အပြင် စက်တင်ဘာ ၂၄ ရက်ကလည်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ Mobile Swab Van အဖြစ် အသုံးပြုရန် Foton Light Truck သုံးစီး ငှားရမ်းလှူဒါန်းပေးခဲ့သည်။

ထို့ပြင် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Triangle အမှတ်တံဆိပ် Truck & Bus တာယာလုပ်ငန်းမှလည်း Covid-19 ရောဂါ ထိန်းချုပ်ဆဲကာလ၌ တတ်နိုင်သမျှ ပါဝင်လှူဒါန်းကူညီမှုများ လုပ်ဆောင်ပေးနေသည့်အတွက် Covid-19 ရောဂါပိုးကူးစက်ခံရသော ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အယောက် သုံးဆယ်တို့အား တစ်ဦးလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း သုံးဆယ် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း IME International Co.,Ltd. မှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here