Covid-19 ကာလအတွင်း YBS ယာဉ်ပြေးဆွဲရာတွင် လူထုမိတ်ဆွေ ပြည်သူအကျိုးပြုယာဉ်လိုင်းကုမ္ပဏီ အရှုံးဘက်သို့ ဦးတည်နေဟုဆို

391

 

ရန်ကုန်၊ မေ ၅

Covid-19 ကာလအတွင်း YBS ယာဉ်ပြေးဆွဲရာတွင် ကုမ္ပဏီအနေဖြင့် အရှုံးဘက်သို့ ဦးတည်နေပြီ ဖြစ်ကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်း ကုမ္ပဏီမှ သိရသည်။

Covid-19 ကူးစက်ရောဂါကြောင့် ခရီးသွားများစွာ လျော့ကျလာသည့်အတွက် ယာဉ်လိုင်းဝင်ငွေ အဆမတန်ကျဆင်းလျက်ရှိပြီး ယခင်က တစ်နေ့လျှင် ယာဉ်စီးခ ကျပ်သိန်း သုံးရာဝန်းကျင်အထိ ဝင်ငွေရှိခဲ့ရာ လက်ရှိအချိန်တွင် တစ်နေ့လျှင် ကျပ်သိန်း နှစ်ဆယ်သာ ဝင်ငွေရှိတော့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

” ဒီကာလအတွင်းမှာ ခရီးသည်ဦးရေ အရမ်းကိုကျဆင်းသွားတယ်၊ CNG ဖိုးနဲ့ ယာဉ်မောင်းစရိတ်ရအောင် မနည်း ကြိုးစားနေရတယ်၊ ယာဉ်မောင်းတေ ွ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ ရုံးတက်ရုံးဆင်းခရီးသည်တွေ အဆင်ပြေအောင် ပြေးဆွဲပေးနေတာပါ၊ အရင်က တစ်ရက်ကို သိန်းသုံးရာဝင်ငွေရှိတယ်၊ အခု တစ်နေ့ သိန်း နှစ်ဆယ်ဝန်းကျင်ပဲ ဝင်တော့တယ်၊ အနေအထားကတော့ အရှုံးဘက်ကို ဦးတည်နေပြီ ” ဟု လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်းကုမ္ပဏီ၏ COO ဦးကိုကိုနိုင်က ပြောသည်။

လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းကုမ္ပဏီသည် YBS ၇၈၊ ၉၄၊ ၉၃၊ ၉၇၊ ၃၂ ယာဉ်လိုင်း ငါးခုကို ယာဉ်အစီး ၂၄၀၊ ယာဉ်မောင်း သုံးရာတို့ဖြင့် ပြေးဆွဲပေးခဲ့ပြီး Covid-19 ကာလတွင် ယာဉ်လိုင်း ငါးလိုင်းကို ယာဉ်အစီး လေးဆယ်ကျော်ဖြင့်သာ ပြေးဆွဲပေးနိုင်ကြောင်းသိရသည်။ ယခု Covid-19 ကူးစက်မှု ထိန်းချုပ်ရေးကာလအတွင်း ရုံးတက်ချိန်နှင့် ရုံးဆင်းချိန်များကို ယာဉ်တစ်စီးလျှင် မိနစ် နှစ်ဆယ်ခြားဖြင့် ပြေးဆွဲပေးနေကြောင်းလည်း သိရသည်။

လတ်တလောတွင် ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းပေါင်း ၁၀၁ လိုင်းက ယာဉ်အစီး နှစ်ထောင်ကျော်ဖြင့် ပြေးဆွဲပေးနေပြီး ယင်းယာဉ်တို့၏ အခက်အခဲများပြေလျော့စေရန်အတွက် YRTA သို့ နေ့စဉ်ပေးသွင်းနေရသည့် စီမံခန့်ခွဲမူစရိတ်ကို မေလကုန်အထိ ဆိုင်းငံပေးထားသလို Covid-19 ကာလအတွင်း ပြေးဆွဲသည့် YBS ယာဉ်များအတွက် CNG အခမဲ့ထည့်ခွင့်၊ သို့မဟုတ် ဈေနူန်းလျော့ချရောင်းပေးရန်အတွက်လည်း ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း YRTA မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here