Covid-19 ကာလဖြစ်သော်လည်း ၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်နှင့်ပတ်သက်၍ ပညာပေးမှုများ ဆက်တိုက်ဆောင်ရွက်နေဟုဆို

244

မန္တလေးမြို့တစ်နေရာ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်ပြဌာန်းချက် အချို့အား လက်ကမ်းစာစောင့်ထုတ်၍ လိုက်လံဝေငှစဉ်။

မန္တလေး၊ အောက်တိုဘာ ၁၇

မန္တလေးခရိုင်တွင် Covid-19 ကပ်ရောဂါ ဒုတိယလှှိုင်းကာလအတွင်း ကား၊ ဆိုင်ကယ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပုံမှန်လုပ်ဆောင်နေသည့်အပြင် ၂၀၂၀ မော်တော်ယာဉ်ဥပဒေသစ်နှင့်ပတ်သက်၍ ပညာပေးမှုများ ဆက်တိုက် လုပ်ဆောင်ပေးနေကြောင်း မန္တလေးတိုင်း အမှတ် (၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

“Covid-19 ကာလဖြစ်ပေမဲ့ ယာဉ်ရှောင်တခင်စစ်ဆေးတာတွေ တချို့ရက်တွေမှာလုပ်တာတွေရှိသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုတွေ ဆက်တိုက်လုပ်ဆောင်ပေးနေတယ်၊ ပညာပေးရင်း ကျန်းမာရေးဌာန လမ်းညွှန်ချက်တွေပါ လိုက်နာကြဖို့ ပြောပေးနေတယ်” ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ဆိုင်ကယ်မောင်းနှင်သူ မည်သူမဆို နေ့အချိန်၌ ဆိုင်ကယ်မီးမဖွင့်ဘဲ မောင်းလျှင်ဖြစ်စေ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မောင်းနှင်လျှင်ဖြစ်စေ၊ နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံထိန်းကိရိယာမပါဘဲ မောင်းနှင်လျှင်ဖြစ်စေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အခန်း (၁၄) ပြစ်ဒဏ်များ ပုဒ်မ (၈၇)တွင် ပြဌာန်းထားသဖြင့် ဆိုင်ကယ်များ နေ့ခင်းဘက်တွင်ပါ ရှေ့မီးအနိမ့်ဖွင့်မောင်းရန်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ နောက်ကြည့်မှန်တပ်ဆင်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာရန် စသည်တို့ကို နှုတ်ဖြင့်ပြောဆို၍လည်းကောင်း၊ လက်ကမ်းစာစောင်များ ဝေ၍လည်းကောင်း မန္တလေးခရိုင်အတွင်း ပညာပေးမှုများ ဆက်တိုက်ဆောင်ရွက်နေကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။

“ဒီနှစ်ထဲမှာ ပြဌာန်းလိုက်တဲ့ ဥပဒေသစ်ကို သိထားခြင်းအားဖြင့် ပြည်သူတွေ ဘယ်လို အကျိုးကျေးဇူးရှိမလဲ၊ ဒီဥပဒေကို ဘယ်လိုလိုက်နာရမလဲ၊ ဒဏ်ငွေတွေက ဘယ်လိုရှိတယ်၊ ဒီဥပဒေကို မလိုက်နာရင် ဘယ်လိုအရေးယူလို့ရတယ်၊ ကျွန်တော်တို့ပေးတဲ့စာအုပ်တွေကို ဖတ်ကြည့်ခြင်းအားဖြင့် သူတို့သိရှိသွားမယ်၊ သိရှိခြင်းအားဖြင့် ငါတော့ ဒါ မလုပ်သင့်ဘူး၊ ပြစ်ဒဏ်တွေက ဘယ်လိုရှိတယ်ဆိုတာ သိရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့်လည်း အဲဒီလက်ကမ်းစာစောင်တွေကို နေ့စဉ် ရွေ့လျားစနစ်နဲ့ ဝေနေသလို ပညာပေးတွေလည်း တောက်လျှောက်လုပ်နေတယ်” ဟု မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

မန္တလေးခရိုင်အပါအဝင် မန္တလေးတိုင်းဒေသကြီးအတွင်း ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဆောင်ရွက်မှု ၄၂၆ ကြိမ်ရှိခဲ့ကြောင်း အမှတ် (၁၄)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ ၂၀၁၅ မော်တော်ယာဉ်ဥပဒေပါ ပြဌာန်းချက်အချို့ကို အနည်းငယ်ပြင်ဆင်ထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်ကို ယခု ၂၀၂၀ ပြည့်နှစ်၊ မေ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့ခြင်းဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here