Covid-19 ကာလဖြစ်သော်လည်း စည်းကမ်းပျက်ယာဉ်များကို ပုံမှန်အရေးယူနေဟုဆို

80

 

မန္တလေး၊ နိုဝင်ဘာ ၁၃

Covid-19 ဒုတိယလှှိုင်းကာလနှင့် ရွေးကောက်ပွဲကာလဖြစ်သော်လည်း မန္တလေးမြို့တွင်းရှိ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ လမ်းပြောင်းပြန်ရပ်ခြင်း၊ ဖြူနီကျားရပ်ခြင်း၊ မရပ်ရဧရိယာအတွင်းရပ်တန့်ခြင်း စသော စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များကို Mobile Team အဖွဲ့နှစ်ဖွဲ့အပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်း၍ ပုံမှန်အနေအထားဖြင့် အရေးယူနေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရသည်။

“Covid-19 ကာလဖြစ်သော်လည်း စည်းကမ်းပျက်ယာဉ်တွေကို ပုံမှန်အထားနဲ့ အရေးယူနေတယ်၊ မတင်းကြပ်ရင်လည်း စည်းကမ်းဖောက်ဖျက်တာ ပိုဆိုးသွားမှာစိုးတဲ့အတွက် Mobile Team အဖွဲ့တွေနဲ့ ပုံမှန်အရေးယူနေတယ်လို့ပြောချင်တယ် ” ဟု အဆိုပါဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ပြောကြားသည်။

မန္တလေးမြို့တော်အတွင်း စည်းကမ်းဖောက်ဖျက်သောယာဉ်များကို အဖွဲ့စုံဖြင့်လှည့်လှည်၍ အရေးယူရာတွင် အခွန်ဌာန၊ စည်ပင်ရဲ၊ ယာဉ်ထိန်းရဲ၊ ယကက စသော ဌာနပေါင်းစုံပါဝင်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ Control Room မှ ကြည့်ရှုကာ စည်းကမ်းမဲ့ရပ်နားမှုများတွေ့ရှိပါကလည်း အရေးယူနေကြောင်း၊ ယခုအခါ Covid-19 ကာလနှင့် ရွေးကောက်ပွဲကာလဖြစ်သော်လည်း Mobile Team အဖွဲ့နှစ်ဖွဲ့အပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခြောက်ဖွဲ့ဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ်နေသည့်အပြင် စည်းကမ်းမဲ့ရပ်နားသော မြို့တွင်းလိုင်းကားများပါ ထိထိရောက်ရောက် အရေးယူနေကြောင်း အခွန်ဌာနမှ ထပ်မံသိရသည်။

“စည်းကမ်းပျက်ယာဉ်ဆိုတဲ့နေရာမှာ သုံးတန်အထက်မဝင်ရလမ်းတွေမှာ ဝင်တဲ့ လုပ်ငန်းသုံးကားတွေ၊ ယာဉ်မရပ်ရနေရာရပ်တဲ့ယာဉ်တွေ၊ ဖြူနီကြားရပ်မိတဲ့ယာဉ်တွေ၊ လမ်းပြောင်းပြန်ရပ်တဲ့ယာဉ်တွေ၊ နှစ်ထပ်ရပ်ယာဉ်တွေနဲ့ ယာဉ်ကြောပိတ်ဆို့အောင် ကြာရှည်စွာရပ်ထားတဲ့ယာဉ်တွေ စတဲ့အကုန်လုံးပါတယ်၊ Mobile Team နှစ်ဖွဲ့ကနေ တစ်ပတ်ကို ခြောက်ရက်နှုန်းနဲ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအထိ မြို့ထဲလှည့်လှည်သွားလာရင်း စည်းကမ်းပျက်ယာဉ်တွေ တွေ့ရင်တွေ့သလို အရေးယူနေတယ်၊ ကျန်တဲ့ လေးဖွဲ့ကလည်း ၃၅ လမ်း တောင်ခြမ်း၊ မြောက်ခြမ်းခွဲပြီး လှည့်လည်အရေးယူနေတယ်၊ အဓိကကတော့ ပြည်သူတွေ၊ ယာဉ်မောင်းသူတွေ စည်းကမ်းရှိလာဖို့ရည်ရွယ်တယ်” ဟု အဆိုပါဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ထပ်မံဆိုသည်။

Mobile Team နှစ်ဖွဲ့ဖြင့် မန္တလေးမြို့တော်အတွင်း စည်းကမ်းပျက်ယာဉ်များကို အရေးယူရာတွင် ကားနှင့်အတူ ယာဉ်ပိုင်ရှင်တစ်ပါတည်းရှိပါက ပြေစာဖြတ်၍ ဒဏ်ငွေ ကျပ် တစ်သောင်း၊ ယာဉ်ပိုင်ရှင်မတွေ့ပါက Car Wheel Lock ခတ်၍ အရေးယူကာ ဒဏ်ကြေးအဖြစ် ဒဏ်ငွေ ကျပ် ငါးသောင်း၊ သုံးတန်အထက်ယာဉ်မဝင်ရလမ်းများတွင် ဝင်ရောက်သော လုပ်ငန်းသုံးစည်းကမ်းပျက်ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ကျပ် သုံးသောင်း ဒဏ်ရိုက်အရေးယူကာ အကယ်၍ ညနေမိုးချုပ်သည်အထိ ကားလာမရွေးပါက ယင်းကားကို Tow Truck ဖြင့်ဆွဲယူကာ Tow Truck ဆွဲခ ကျပ် ငါးသောင်းနှင့် ဒဏ်ကြေးကျပ် ငါးသောင်းတို့ ပေးဆောင်ခိုင်းသည့်အပြင် တစ်ညကျော်လွန်တိုင်း ညအိပ်ရပ်နားခအဖြစ် ကျပ် ငါးထောင်စီ တိုးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here