Covid-19 ကာကွယ်ရေး စည်းကမ်းချက်များနှင့် ညီညွတ်မှသာ တက္ကစီယာဉ်များ ရန်ကုန်မြို့တွင်း ပြေးဆွဲနိုင်မည်ဖြစ်

412

 

ရန်ကုန်၊ အောက်တိုဘာ ၂

Covid-19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင်ညီညွတ်သည့် တက္ကစီယာဉ်များသာ ရန်ကုန်မြို့တွင်းပြေးဆွဲနိုင်မည်ဖြစ်ကြောင်း YRTA မှ သိရသည်။

တက္ကစီယာဉ်များ ရန်ကုန်မြို့အတွင်း သွားလာခြင်းနှင့်ပတ်သက်၍ YRTA က သီးခြားထုတ်ပြန်ကန့်သတ်ထားခြင်းမရှိသော်လည်း stay at Home ကာလအတွင်း ထုတ်ပြန်ချက်များအရ တင်ဆောင်သည့် ခရီးသည်သည် သွားလာခွင့်ပြုထားသည့် ခရီးသည် အမျိုးအစားဖြစ်ရန်နှင့် တက္ကစီ ယာဉ်မောင်းများအနေဖြင့် Covid-19 ကာကွယ်ရေး စည်းကမ်းချက်များနှင့်ညီညွတ်ပါက ရန်ကုန်မြို့အတွင်း ပြေးဆွဲနိုင်ကြောင်း သိရသည်။

” တက္ကစီယာဉ်တွေ ရန်ကုန်မြို့ထဲသွားလာဖို့အတွက် Covid-19 ကာကွယ်ရေး စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်၊ မြို့နယ်တိုင်းမှာ Covid-19 ကာကွယ်ရေး စစ်ဆေးတဲ့အဖွဲ့တွေရှိတဲ့အတွက် ကိုယ့်ဘက်ကနေ စည်းကမ်းတကျ လိုက်နာပြီး သွားဖို့လိုတယ်၊ Stay at Home ကာလမှာ ခွင့်ပြုလုပ်ငန်းကဝန်ထမ်းတွေနဲ့ ကျန်မာရေးကိစ္စ၊ ဈေးဝယ်၊ ဒါမျိုးကိစ္စတွေကလွဲလို့ မြိုံနယ်ကျော်ပြီး သွားခွင့်မရှိဘူးလို့ သိထားတယ်၊ အဲဒီတော့ ခရီးသည်တင်ဆောင်ပြီး မြို့နယ်ကျော်သွားလာတဲ့အခါ စစ်ဆေးတဲ့အဖွဲ့တွေကို သွားလာရမယ့် အကြောင်းအရာကို ရှင်းပြပြောဆိုဖို့ပဲလိုပါတယ်၊ နောက်ပြီး စည်းကမ်းချက်နဲ့အညီ Mask တပ်တာတို့၊ လက်ဆေးတာတို့ စနစ်တကျလုပ်ရပါမယ်၊ Taxi ယာဉ်တွေ သွားလာခွင့်ကိုတော့ ကန့်သတ်တာမျိုးမရှိပါဘူး” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

Covid-19 ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များအားလုံးကို Stay at Home သတ်မှတ်ထားသလို သယ်ယူပို့ဆောင်ရေး၊ စက်သုံးဆီအရောင်ဆိုင်များ၊ စားသောက်ကုန်၊ ဆေးဝါး၊ ဘဏ်စသည့် ငွေကြေးဝန်ဆောင်မူလုပ်ငန်းများမှအပ ကျန်လုပ်ငန်းများကို အောက်တိုဘာ ၇ ရက်အထိ ခေတ္တပိတ်ထားရမည်ဖြစ်ပြီး Stay at home ကာလအတွင်း ခွင့်ပြုလုပ်ငန်းဝန်ထမ်းများနှင့် ဈေးဝယ်ခြင်း၊ ဆေးရုံဆေးခန်း သွားလာသည့်သူများမှအပ မြို့နယ်ကျော် သွားလာခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ကြည်ပြာ
Covid-19 မဖြစ်ပွားခင်ကာလ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် တက္ကစီယာဉ်များအားတွေ့ရစဉ်။
ဓါတ်ပုံ-ဆန်း​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here