Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား ဆက်စပ်လုပ်ငန်းများမှဝင်ငွေ ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့

120

 

မန္တလေး၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရဆဲဖြစ်သော Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုမရှိတော့သည့်အတွက် ကမ္ဘာလှည့်ခရီးသွားများနှင့် ဆက်စပ်သော လုပ်ငန်းများမှ ရရှိသော ဝင်ငွေမှာ ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

Covid-19 ကူးစက်ရောဂါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (VOA) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားခြင်းကြောင့် တရုတ်ခရီးသည်များ ဝင်ရောက်မှု သိသာစွာ ကျဆင်းခဲ့သည့်အပြင် အခြားနိုင်ငံများမှ ဧည့်သည်များ ဝင်ရောက်မှုကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ထို့ပြင် အချို့သော ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကြိုတင်ချုပ်ဆိုခဲ့သော ခရီးသွားလုပ်ငန်းဆိုင်ရာစာချုပ်များ ပျက်ပြယ်ခဲ့ခြင်းများလည်း ဖြစ်ပေါ်ခဲ့ရသည့်အပြင် သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့်လည်း ထိခိုက်နစ်နာမှုများနှင့် ဆုံးရှုံးမှုများစွာရှိနေကြောင်း အဆိုပါဝန်ကြီးဌာန၏ Covid-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း၏ စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်မှုစစ်တမ်း၌ ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည်ဝင်ရောက်မှုမှာ ၃,၅၅၁,၄၂၈ ဦးရှိပြီး ၂၀၁၉ ခုနှစ်တွင် ၄,၃၆၄,၁၀၁ ဦးရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်တွင်မူ Covid-19 ကပ်ရောဂါကြောင့် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု သိသာစွာ ကျဆင်းသွားသဖြင့် ဝင်ငွေအပိုင်းမှာလည်း များစွာကျဆင်းခဲ့ရသည်။

ထိုသို့ ဝင်ငွေ ၈၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်လုပ်ငန်းကဏ္ဍများအနက် နိုင်ငံတကာလေကြောင်းလိုင်းများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းကဏ္ဍ၊ တည်းခိုနေထိုင်ရေးကဏ္ဍ၊ ဖျော်ဖြေရေး ယဉ်ကျေးမှုဆိုင်ရာပွဲတော်နှင့် ပြပွဲများ၊ ခရီးသွားဧည့်သည်များ ဈေးဝယ်ထွက်ခြင်းနှင့် အခြားကဏ္ဍများ စသည်တို့ ပါဝင်ကာ ကဏ္ဍအလိုက် စစ်တမ်းကောက်ကြည့်ရာတွင် ယခင်နှစ်များထက် ယခု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (ခန့်မှန်း)အထိ ရရှိသော ဝင်ငွေများကို ရာခိုင်နှုန်းတွက်ချက်ကြည့်ရာမှ ၈၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စစ်တမ်းရလဒ်ထုတ်ပြန်ချက်များအရ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့ရှိ ဦးပိန်တံတားသို့ လာရောက်လည်ပတ်ကြသော ပြည်ခရီးသွားများအား Covid-19 ကာလ မတိုင်မီက တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here