Covid-19 ကပ်ရောဂါကြောင့် DGR ပွဲကြီးအား စုပေါင်းမကျင်းပနိုင်သော်လည်း မိမိအစီအစဉ်ဖြင့် တစ်ကိုယ်တော်မောင်းနှင်စီးနင်း၍ ကမ္ဘာတစ်၀န်း ကျင်းပသွားမည်

191

 

မန္တ​လေး၊ စက်တင်ဘာ ၂၄

အမျိုးသားများ ဖြစ်လေ့ရှိသည့် ဆီးကျိတ်ကင်ဆာနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို အသိပညာပေးနိုင်ရန် ရည်ရွယ်သည့် DGR (The Distinguished Gentleman’s Ride) 2020 ကို ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စုပေါင်းမကျင်းပနိုင်သော်လည်း မိမိအစီအစဉ်ဖြင့် တစ်ကိုယ်တော်မောင်းနှင်စီးနင်း၍ ကမ္ဘာတစ်၀န်း ကျင်းပသွားမည်ဖြစ်ကြောင်း DGR ၏ ထုတ်ပြန်ချက်များအရ သိရသည်။

“DGR ပွဲကို မနှစ်ကတော့ ပြင်ဦးလွင်မှာ ကျင်းပခဲ့ကြတယ်၊ ဒီနှစ်တော့ Covid-19 ကြောင့် စုပေါင်းကျင်းပနိုင်ခြင်းမရှိဘူးပေါ့၊ အဲဒီလို ကျင်းပနိုင်ခြင်းမရှိပေမဲ့ DGR က အီး​မေးလ်လှမ်းပို့တဲ့စာအရ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာမယ့် ၂၇ ရက်နေ့မှာ တစ်ကိုယ်​တော် မောင်းနှင်စီးနင်းနိုင်တယ်ပေါ့၊ အဓိကကတော့ သူ့သတ်မှတ်၀တ်စုံနဲ့ တစ်ကိုယ်တော် မောင်းနှင်စီးနင်းပြီး ဓာတ်ပုံရိုက်၊ သူတို့ဆီ ဓာတ်ပုံလှမ်းပို့ပေးပေါ့၊ ဒါကြောင့် ဒီနှစ်မှာတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ခင်မင်ရာခင်မင်ကြောင်း သုံးဦး၊ ​လေးဦးလောက်နဲ့ မန္တလေးမြို့ပေါ်ပဲ မောင်းနှင်စီးနင်းသွားဖို့ စီစဉ်ထားတယ်” ဟု လာမည့် စက်တင်ဘာ ၂၇ ရက်တွင် DGR ပွဲကို ဂုဏ်ပြုစီးနင်းမည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

DGR (The Distinguished Gentleman’s Ride) သည် မည်သည့်အသင်းအဖွဲ့ကိုမျှ ကိုယ်စားမပြုသော ပရဟိတပွဲတစ်ခုသာဖြစ်ပြီး ယင်းပွဲတွင် ပါ၀င်စီးနင်းသူတိုင်း Classic / Custom / Modern Classic တို့နှင့်ကိုက်ညီ၍ သေသပ်သော Gentleman ဆန်ဆန်အ၀တ်အစားများသာ ၀တ်ခွင့်ရှိကြောင်း၊ ထိုသို့ ၀တ်စားဆင်ယင်ခြင်းက ဆိုင်ကယ်ချစ်သူများ၏ပုံရိပ်သည် အများထင်သကဲ့သို့ ဆိုး၊ ပေ၊ တေ၊ လေ မဟုတ်ကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး ဆိုင်ကယ်ချစ်သူများ၏နောက်တွင် မိသားစု၀င်များ၊ ချစ်ခင်ရသော သူငယ်ချင်းမိတ်ဆွေများရှိကြသလို မိမိကိုယ်တိုင် မိမိအသက်ကိုတန်ဖိုးထားသကဲ့သို့ အခြားသူများ၏အသက်ကိုပါ တန်ဖိုးထားကြောင်းကိုပါ ပြသလိုသည့်ရည်ရွယ်ချက်များဖြင့် ယင်းသို့ ကျင်းပရခြင်းဖြစ်ကြောင်း DGR က ထုတ်ပြန်သည်။

“DGR ပွဲမှာ စီးနင်းတဲ့ဆိုင်ကယ်ချစ်သူတွေဟာ တရား၀င်ခွင့်ပြုထားတဲ့ Classic နဲ့ Custom ဆိုင်ကယ်အမျိုးအစားတွေပဲ စီးနင်းခွင့်ရပါတယ်၊ Modern Classic ဆိုလည်းရတယ်၊ ဘယ်လိုဆိုင်ကယ်အမျိုးအစားပဲ ပါ၀င်စီးနင်းခွင့်ရှိမယ်၊ ဘယ်လို ၀တ်စားဆင်ယင်ရမယ်ဆိုတာ DGR ကို စတင်တည်ထောင်တဲ့ Mark Hawwa ကိုယ်တိုင် တစ်ကမ္ဘာလုံးသတ်မှတ်ထားတဲ့ စည်းကမ်းချက်ပဲဖြစ်ပါတယ်၊ အခုလို လှည့်လှည်စီးနင်းရင်း ရန်ပုံငွေရှာဖွေပွဲဖြစ်လို့
လှူဒါန်းတဲ့ငွေတွေ အားလုံးသည် Movember Foundation ကို တိုက်ရိုက်၀င်သွားမှာဖြစ်တယ်၊ ဒီနှစ်ကတော့ Covid-19 ကပ်ရောဂါကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ တစ်ကိုယ်တော်စီးနင်းကြဖို့ သက်ဆိုင်ရာမြို့တိုင်းရဲ့ စည်းကမ်းသတ်မှတ်ချက်တွေအတိုင်း လိုက်နာကြဖို့ DGR က လမ်းညွှန်ထားတယ်” ဟု လာမည့် စက်တင်ဘာ ၂၇ ရက်တွင် တစ်ကိုယ်​တော် မောင်းနှင်စီးနင်းရန် ပြင်ဆင်နေသည့် မန္တလေးမြို့ခံတစ်ဦးက ထပ်မံဆိုသည်။

DGR ကို ကမ္ဘာတစ်၀န်း နိုင်ငံပေါင်း ကိုးဆယ်ကျော်အနက် မြို့ပေါင်း ​ခြောက်ရာကျော်တွင် ဆိုင်ကယ် Rider များ နှစ်စဉ် စုပေါင်းစီးနင်းလေ့ရှိကြပြီး အဓိကမှာ အမျိုးသားများ ဖြစ်ပွားလေ့ရှိတတ်သော ဆီးကျိတ်ကင်ဆာနှင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို အသိပညာပေးနိုင်ရန် ရည်ရွယ်ကာ ရန်ပုံငွေရှာဖွေသည့်ပွဲလည်းဖြစ်သည်။ ထို့ပြင် Movember Foundation သည်လည်း အမျိုးသားစိတ်ကျရောဂါနှင့်
ကင်ဆာကာကွယ်ရေးများအတွက် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် DGR ပွဲကို ၂၀၁၈ ခုနှစ်က ပုဂံဒေသတွင် ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်ကလည်း ပြင်ဦးလွင်မြို့၌ကျင်းပခဲ့ကာ နိုင်ငံကျော်အဆိုတော် R ဇာနည်၊ သရုပ်ဆောင်နိုင်နိုင်းနှင့် အနုပညာရှင်များပါ တက်ရောက်ခဲ့ကြသည်။ ယခု ၂၀၂၀ DGR ပွဲမှာမူ Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း မိမိကိုယ်ပိုင်အစီအစဉ်ဖြင့် မောင်းနှင်စီးနင်းကြရန် DGR က တစ်ကမ္ဘာလုံးသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- DGR Page

LEAVE A REPLY

Please enter your comment!
Please enter your name here