Covid-19 ကပ်ရောဂါကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားရမှု ရှစ်လတိတိ ကြာမြင့်နေပြီဖြစ်

77

ယခုချိန်အထိ ပိတ်ထားရဆဲ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်အမှတ် ၂ ၀င်ထွက်ပေါက်အား တွေ့ရစဉ်။

တမူး၊ နိုဝင်ဘာ ၁၁

အိန္ဒိယ-မြန်မာနယ်စပ် ဝင်ထွက်ဂိတ်နှင့် ကုန်သွယ်ရေးဂိတ်များဖြစ်သည့် အမှတ် (၁)နှင့် အမှတ် (၂) ဂိတ်တို့ကို ယခုနိုဝင်ဘာလကုန်အထိ ဆက်လက်ပိတ်ထားဦးမည်ဖြစ်ကာ စတင်ပိတ်ထားချိန်မှစ၍ ယခုအချိန်အထိ ရှစ်လတိတိ ကြာမြင့်နေပြီဖြစ်ကြောင်း တမူးမြို့ခံများထံမှ သိရသည်။

“အိန္ဒိယမှာက ပိုးတွေ့လူနာ တအားများနေဆဲဖြစ်တဲ့အတွက် ပိုးမငြိမ်သေးဘူးပေါ့၊ ဒါကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေအားလုံး အခုနိုဝင်ဘာလကုန်အထိ ဆက်ပိတ်ခိုင်းထားတယ်၊ ဂိတ်ပိတ်ထားရတာ မတ် ၁၀ ရက်ကတည်းကဆိုတော့ အခုဆို ရှစ်လပြည့်သွားပြီ၊ ကုန်သည်တွေလည်း အထိနာနေကြပြီဆိုပေမဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ” ဟု တမူးမြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သူ တမူးလူငယ်ကွန်ရက်မှ ကိုယဉ်ကိုဦးက ပြောကြားသည်။
ယခုချိန်အထိ ပိတ်ထားရဆဲ နန်းဖာလုံနယ်စပ်ဈေး ဈေးဆိုင်ခန်းများအား တွေ့ရစဉ်။

တမူးမြို့ရှိ နန်းဖာလုံနယ်စပ်ဈေးတွင် ဈေးဆိုင်ခန်းပေါင်း နှစ်ထောင်ကျာ်ရှိပြီး အဆိုပါဈေးရောင်းသူအားလုံးသည် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကို အားထားရနေရကာ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ရှိ အိန္ဒိယကုန်ပစ္စည်းများကိုလည်း မြန်မာဘက်မှ သွားရောက်ဝယ်ယူ၍ ပြည်တွင်းဈေးကွက်အတွင်း တစ်ဆင့်ပြန်လည်ဖြန့်ချိကြရသည်။

ယခုအခါ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပိတ်ထားရသည့်အတွက် နန်းဖာလုံနယ်စပ်ဈေးမှာလည်း ပိတ်ထားရသည်မှာ ရှစ်လတိတိ ကြာမြင့်လာပြီဖြစ်ပြီး အဆိုပါနယ်စပ်ဂိတ်များမှ တရားဝင်ကုန်ပစ္စည်းလဲလှယ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားမှုမှာလည်း ယခုအချိန်အထိ ထူးခြားမှုမရှိသေးကြောင်း ဒေသခံကုန်သည်များထံမှ စုံစမ်းသိရသည်။

“လူဝင်လူထွက်ကို ပိတ်ထားပြီး ကုန်ပစ္စည်း ဟိုဘက်ဒီဘက် လဲလှယ်ဖို့ ဖြစ်နိုင်ရင် အစိုးရက စီစဉ်ပေးစေချင်တယ်၊ တရားဝင်ခွင့်ပြုပေးစေချင်တယ်၊ တမူးမှာနေတဲ့သူအားလုံးနီးပါးက အိန္ဒိယနဲ့ အရောင်းအဝယ်လုပ်ကြရတာ၊ အခု နယ်စပ်ဂိတ်တွေက ပိတ်ထားတော့ အရောင်းအဝယ်မလုပ်ရတာ ရှစ်လရှိသွားပြီ၊ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် စီးပွားပျက်မတတ်ဖြစ်သွားနိုင်တယ်” ဟု တမူးမြို့ နန်းဖာလုံနယ်စပ်ဈေးတွင် ဆိုင်ကယ်အပိုပစ္စည်းများ တင်သွင်းရောင်းချနေသူ ကိုဇော်ဝေက သုံးသပ်ပြောဆိုသည်။

Covid-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်ပေါက်များဖြစ်သော တမူးမြို့အနီးရှိ အမှတ် (၁)ဂိတ်နှင့် အမှတ် (၂)ဂိတ်တို့ကို မတ် ၁၀ ရက်ကတည်းက တရားဝင်ပိတ်ထားခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းအချို့မှ ဖြတ်သန်း၍ တရားမဝင် ဝင်ထွက်သွားလာခြင်း၊ တရားမဝင် ကုန်စည်တင်သွင်းခြင်း၊ တင်ပို့ခြင်းများ လုပ်ဆောင်မှုများ မပြုလုပ်ရန်လည်း အောက်တိုဘာ ၉ ရက်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်ထားသည်။ ထို့ပြင် တရားမဝင် ကုန်သွယ်မှုပြုလုပ်သူများကိုလည်း ရှောင်တခင်စစ်ဆေးပြီး တမူးမြို့နယ်တရားရုံးသို့ တရားစွဲဆို အရေးယူထားကြောင်းနှင့် ထပ်မံ၍လည်း တရားမဝင် ကုန်သွယ်မှုများကို အရေးယူသွားဦးမည်ဖြစ်ကြောင်း တမူးမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓာတ်ပုံ- Zaw Wai

LEAVE A REPLY

Please enter your comment!
Please enter your name here