Covid-19 ကပ်ရောဂါကြောင့် ကလေးမြို့တွင် ဆိုင်ကယ်ဝပ်ရှော့များ ပြင်ဆင်ပေးရမှု စံချိန်တင်နည်းပါးလာ

82

 

ကလေး၊ အောက်တိုဘာ ၂၃

ကလေးမြို့သည် Stay at Home နယ်မြေမဟုတ်သော်လည်း Covid-19 ကပ်ရောဂါကြောင့် အပြင်ထွက်၍ သွားလာသူနည်းပါးနေသဖြင့် ဆိုင်ကယ်ဝပ်ရှော့များလည်း ပြင်ဆင်ပေးရမှု နည်းပါးလာကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“အရင်က နေ့စဉ် ဆိုင်ကယ်လာပြင်တဲ့သူတွေရော၊ အင်ဂျင်ဝိုင်လာလဲတဲ့သူတွေရော တစ်ရက်ကို နှစ်သောင်း၊ နှစ်သောင်းခွဲ အသာလေး ဝင်တယ်၊ အခုကျတော့ အပြင်ထွက်တာလည်း နည်းသွားသလို ဆိုင်ကယ်လာပြင်တာလည်း တစ်ရက်မှ တစ်စီးလောက်ပဲ ရှိတယ်၊ ဒီတော့ တချို့ရက်တွေဆို ဆိုင်ပိတ်ထားလိုက်ရတာတွေတောင် ရှိတယ်၊ တချို့ရက်တွေလည်း ဆိုင်မှာရှိနေပေမဲ့ တစ်ရက်မှ တစ်စီးလောက်ပဲ လာပြင်တာရှိတော့ အလုပ်မဖြစ်တော့ဘူးပေါ့၊ ဒီရက်ပိုင်းက ဝင်ငွေတော်တော်နည်းတယ်” ဟု ကလေးမြို့ စိတ်ထားမဏ္ဍိုင် ဆိုင်ကယ်ဝပ်ရှော့မှ ကိုမင်းမင်းက ပြောကြားသည်။

ကလေးမြို့တွင် ယခင်က ရိုးရိုးဂီယာဆိုင်ကယ်ပြုပြင်ရေး ဆိုင်များသာ ရှိခဲ့သော်လည်း ယခုအခါ EFI ဆိုင်ကယ်သီးသန့် ပြုပြင်ရေးဆိုင်များပါ ပေါ်ပေါက်လာပြီဖြစ်ကာ အဆိုပါဆိုင်များအားလုံး ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း ဝင်ငွေစံချိန်တင် လျော့ကျနေကြောင်း ကလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက ပြောဆိုသည်။

“တချို့လည်း ဒီအချိန် အလုပ်အားနေချိန်ဆိုတော့ ဆိုင်ကယ်လာစစ်ဆေးတာ၊ လာပြင်တာရှိတယ်၊ ဒါပေမဲ့ အရင်လိုတော့ လှှိုင်နေအောင် မပြင်ရဘူးပေါ့၊ အရင်ထက်စာရင် သုံးပုံနှစ်ပုံလောက် လျော့ကျသွားတယ်” ဟု ကလေးမြို့ Auto တိုးကြီး EFI Service Center မှ ကိုခင်မောင်တိုးက ဆိုသည်။

ကလေးမြို့ပေါ်တွင် ဆိုင်ကယ်ပြုပြင်ရေး ဝပ်ရှော့ဆိုင်ပေါင်း သုံးဆယ်ကျော်ရှိပြီး ကျေးလက်ဒေသများတွင်လည်း ကျေးရွာအလိုက် ဆိုင်ကယ်ဝပ်ရှော့ဆိုင် အများအပြား ရှိနေပြီဖြစ်သောကြောင့် ဆိုင်ကယ်စီးနင်းသူခရီးသွားများအတွက် များစွာအဆင်ပြေလျက်ရှိသည်။ သို့သော် ယခု Covid-19 ဒုတိယလှှိုင်းကာလတွင်မူ ဆိုင်ကယ်ပြုပြင်ရေး ဝပ်ရှော့ဆိုင်များ အားလုံးနီးပါး လာရောက်ပြင်ဆင်သူနည်းပါးမှုကြောင့် ဝင်ငွေ စံချိန်တင်လျော့နည်းလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here