COVID ၏ အတွင်းသဏ္ဌာန်နှင့် သဘောသဘာဝ

170

 

သိပ္ပံစာရေးဆရာကိုကိုအောင်
(Professor U Ko Ko Aung)

COVID ဗိုင်းရပ်စ်သည် သက်ရှိ အော်ဂဲနစ်ပစ္စည်းမဟုတ်ဘဲ အဆီလွှာဖုံးလွှမ်းနေသော ပရိုတင်းမော်လီကျူးသာလျှင် ဖြစ်သည်။ လူတို့၏ မျက်ရည်၊ နှာရည်နှင့် ချွဲသလိပ်တို့တွင် ပါရှိသော ဆဲလ်များတွင် တွယ်ကပ်လိုက်မှသာလျှင် လူကို ဒုက္ခပေးနိုင်အောင် မျိုးဗီဇပြောင်းခြင်းနှင့် မျိုးပွားခြင်းများ ဖြစ်လာသည်။
ထို့ကြောင့်ပင် COVID ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိကို စစ်ဆေးရာ၌ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲကြည့်ရှုရခြင်း ဖြစ်သည်။ COVID ဗိုင်းရပ်စ်သည် ဘက်တီးရီးယား မဟုတ်သဖြင့် ဘက်တီးရီးယားကို ဖြိုခွင်းနိုင်သော ပဋိဇီဝဆေးများက COVID ဗိုင်းရပ်စ်ကို မဖြိုခွင်းနိုင်ပေ။
COVID သည် ပရိုတင်းမော်လီကျူးဖြစ်သောကြောင့် အချိန်တန်လျှင် သဘာဝအလျောက် ဆွေးမြည့်ပျက်စီးသွားမည် ဖြစ်သည်။ COVID ဗိုင်းရပ်စ် ပြိုကွဲပျက်စီးရန် ကြာမြင့်ချိန်မှာ အပူချိန်၊ စိုထိုင်းဆနှင့် တွယ်ငြိရာမျက်နှာပြင်၏ အမျိုးအစားတို့အပေါ်တွင် မူတည်လျက် ကွဲပြားခြားနားသည်။ သာမန်အခန်းအပူချိန်၌ ကြေးနီနှင့် သစ်သားမျက်နှာပြင်အပေါ်တွင် အများဆုံး လေးနာရီအထိ၊ ကတ်ထူအပေါ်တွင် ၂၄ နာရီအထိ သတ္တုမျက်နှာပြင်အပေါ်တွင် ၄၂ နာရီအထိ၊ ပလတ်စတစ်အပေါ်တွင် ၇၂ နာရီအထိ ရှင်သန်နိုင်သည်။
ထို့ကြောင့်ပင် လူတချို့က မိမိအိမ်မှာပင် နေရင်းသော်လည်းကောင်း၊ ကျန်းမာရေးချို့ယွင်းသဖြင့် အိမ်ထဲ၌၊ သို့တည်းမဟုတ် အိပ်ရာထဲတွင် နေရင်းဖြင့်သော်လည်းကောင်း၊ COVID ဗိုင်းရပ်စ်ပိုး ကူးစက်ခံကြရခြင်းမှာ မိမိတွင် ကိုယ်ခံအားနည်းနေချိန် မိမိအိမ်သို့ ရောက်ရှိလာသော ရောဂါပိုးရှိနေသူနှင့် ရောဂါပိုး သယ်ဆောင်လာသူ လူပုဂ္ဂိုလ်များနှင့် အကာအကွယ်မရှိဘဲ နီးကပ်စွာရှိမှု၊ ထိတွေ့မိမူနှင့် မိမိအိမ်သို့ ရောက်ရှိလာသော ရောဂါပိုးတွယ်ငြိနေသည့် ဝတ္ထုပစ္စည်းများ၊ ဈေးဝယ်ပစ္စည်းများ စသည်တို့ကို ပိုးသတ်ခြင်း၊ ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောခြင်းများကို မပြုလုပ်မိဘဲ အမှတ်တမဲ့ဖြင့် ထိမိကိုင်မိခြင်းကြောင့်ပင် ဖြစ်သည်။

COVID ဗိုင်းရပ်စ်သည် အလွန်နုနယ်ပြီး သူ့အတွက် အကာအကွယ်သည် အပေါ်ယံရှိ အဆီလွှာကလေးသာလျှင် ဖြစ်သောကြောင့် ယင်းကို တိုက်ဖျက်ချေမှုန်းရန် အကောင်းဆုံးပစ္စည်းများမှာ ဆပ်ပြာ၊ ပိုးသတ်ဆေးနှင့် ခရမ်းလွန်ရောင်ခြည်တို့ပင် ဖြစ်ကြသည်။ ဆပ်ပြာအမြှုပ်များက စက္ကန့် နှစ်ဆယ်အတွင်းမှာပင် ဗိုင်းရပ်စ်၏ အဆီလွှာကို ဖြိုခွဲဖျက်ဆီးနိုင်သည်။ ထို့ကြောင့်ပင် လက်ကို ဆပ်ပြာဖြင့် ဆေးကြောရာ၌ စက္ကန့် နှစ်ဆယ်ပြည့်အောင် ပွတ်တိုက်ရန် လိုအပ်ခြင်း ဖြစ်သည်။
ချွဲသလိပ်နှင့် နှာရည်များရှိနေသော၊ သို့တည်းမဟုတ် ပေကျံနေသော အရေပြားကို သော်လည်းကောင်း၊ အဝတ်အထည်များကို သော်လည်းကောင်း ကိုင်မိထိမိပါက ဖော်ပြပါနည်းအတိုင်း မဖြစ်မနေ လက်ဆေးရန် လိုအပ်သည်။ တံခါးလက်ကိုင်၊ လှေခါးလက်ရန်း၊ သော့ခလောက်၊ လျှပ်စစ်မီးခလုတ်၊ ဓာတ်လှေကားခလုတ်၊ လက်ပတ်နာရီ၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာနှင့် ပရင်တာ၊ လက်တော့ပ်၊ မျက်မှန်၊ စာကြည့်စားပွဲ စသည်တို့ကို ထိပြီးကိုင်ပြီးတိုင်း ဖော်ပြပါနည်းအတိုင်း လက်ဆေးရန် လိုအပ်သည်။
ရေအေးဖြင့် လက်ဆေးခြင်းထက် အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်နှင့်အထက် ပူနွေးသောရေနွေးဖြင့် လက်ဆေးခြင်းနှင့် အဝတ်လျှော်ခြင်းက ဆပ်ပြာအမြှုပ်ကို ပိုထွက်စေခြင်းဖြင့် ဗိုင်းရပ်စ်၏ အဆီပြင်လွှာကို ဖြိုခွဲရာတွင် ပို၍ ထိရောက်သည်။ နေရောင်နှင့်အတူ ပါရှိလာသော ခရမ်းလွန်ရောင်ခြည်က COVID ဗိုင်းရပ်စ်၏ ပရိုတင်းများကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးပစ်နိုင်သဖြင့် နေပူစာလှုံခြင်းနှင့် နေလှန်းခြင်းများက အလွန်ပင် ထိရောက်သည်။
မြင့်မားသော အပူချိန်က COVID ဗိုင်းရပ်စ်အပေါ်ယံရှိ အဆီလွှာကို အရည်ပျော်စေသောကြောင့် အပူချိန်မြင့်သော ပတ်ဝန်းကျင်တွင် COVID ဗိုင်းရပ်စ်သည် ကြာရှည်ရှင်သန်နိုင်ခြင်း မရှိပေ။ အယ်လ်ကိုဟော (Alcohol) ၆၅ ရာခိုင်နှုန်းနှင့်အထက် ပါဝင်သော လက်ဆေးရည်(Sanitizer)များက ဗိုင်းရပ်စ်၏ အဆီပြင်ကို ပျော်ဝင်စေခြင်းဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည်။ အပြင်းဆုံးသော အရက်များ၌ အယ်လ်ကိုဟော အများဆုံး ၄၀ ရာခိုင်နှုန်းအထိသာ ပါဝင်သောကြောင့် အရက်သောက်ခြင်းဖြင့် COVID ဗိုင်းရပ်စ်ကို ဖြိုခွဲဖျက်ဆီးနိုင်မည် မဟုတ်ပေ။
အရောင်ချွတ်ဆေးတစ်ဆနှင့် ရေငါးဆ ရောထားသော ဓာတုအရောအနှောက ဗိုင်းရပ်စ်၏ အဆီပြင်အောက်ရှိ ပရိုတင်းထဲအထိတိုင်အောင် ဝင်ရောက်ကာ ဖြိုခွဲနိုင်သည်။ ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်ကလည်း ဆပ်ပြာ၊ အရောင်ချွတ်ဆေးနှင့် အယ်လ်ကိုဟောတို့ကဲ့သို့ပင် ဗိုင်းရပ်စ်၏ ပရိုတင်းထဲအထိတိုင် ဝင်ရောက်ကာ ဖြိုခွဲပစ်နိုင်သည်။ သို့ရာတွင် ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်ကို အသုံးပြုရာ၌ ရေမရောဘဲ သုံးရသည့်အတွက် အရေပြားကို မထိခိုက်အောင် အထူးဂရုပြုရန် လိုအပ်သည်။
တွန့်ခေါက်နေသော အရေပြားအကြား၌ လည်းကောင်း၊ ထိရှဒဏ်ရာနေရာများ၌ လည်းကောင်း၊ လက်သည်းခြေသည်းများ၏အကြား၌ လည်းကောင်း ဗိုင်းရပ်စ် ခိုအောင်းနေနိုင်သဖြင့် ဒဏ်ရာနေရာကို လုံခြုံအောင် ပလာစတာဖြင့် ကပ်ထားခြင်း၊ လက်သည်းခြေသည်းကို အရှည်မခံဘဲ မကြာခဏ ညှပ်ခြင်းများကို ဂရုတစိုက် လုပ်ဆောင်သင့်ကြသည်။ သို့ရာတွင် ကျန်းမာကြံ့ခိုင်သော လူတို့၏ အရေပြားကို ဗိုင်းရပ်စ်က မဖောက်ထွင်းနိုင်သဖြင့် တစ်ကိုယ်ရေကျန်းမာကြံ့ခိုင်မှု အမြဲရှိနေအောင် ဂရုပြုကာ စနစ်တကျ စားသောက်နေထိုင်သင့်ကြသည်။
အဝတ်အထည်များတွင် ဗိုင်းရပ်စ် ကပ်ငြိနေပါက ယင်းအဝတ်အထည်များကို မခါမယမ်းဘဲ (မလှုပ်ရှားစေဘဲ)နေလျှင် ဗိုင်းရပ်စ်သည် အချိန် သုံးနာရီအတွင်းမှာပင် ပြိုကွဲသွားလိမ့်မည် ဖြစ်သည်။ ဗိုင်းရပ်စ် ကပ်ငြိနေသော အဝတ်အထည်များကို ခါယမ်းမိပါက လေထဲလွင့်သွားသော အမှုန်အမွှားများနှင့်အတူ ဗိုင်းရပ်စ်က မှီခိုကပ်ငြိလိုက်ပါကာ အနီးကပ်ရှိနေသော ရှူရိုက်မိသူ၏ နှာခေါင်းအတွင်းသို့ ဝင်ရောက်သွားနိုင်သည်။
မှန်အလုံပိတ်ပြီး လေအေးစက်ဖွင့်ထားသော ကားအတွင်း၌လည်းကောင်း၊ သို့တည်းမဟုတ် အခန်းအတွင်း၌လည်းကောင်း၊ မှောင်နေသောအခန်းနှင့် ကျပ်တည်းကျဉ်းမြောင်းသော အခန်းများ၏ အတွင်း၌ လည်းကောင်း၊ ဗိုင်းရပ်စ်မော်လီကျူးများက ငြိမ်နေတတ်သည်။ ခြောက်သွေ့သော၊ နွေးသော၊ အလင်းရောင်ရှိသော၊ ကျယ်ဝန်းသော၊ လေကောင်းလေသန့်ရရှိသော အခန်းများထဲတွင် ဗိုင်းရပ်စ်မော်လီကျူးများက လျင်မြန်စွာ ပြိုကွဲသည်။
မကြာခဏ လက်ဆေးခြင်းနှင့် မကြာခဏ ရေသောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် လက်အရေပြားနှင့် လည်ချောင်းတို့ကို စွတ်စိုနေစေခြင်းက COVID ဗိုင်းရပ်စ်များ ခိုကပ်နေခြင်းကို ကောင်းစွာ ကာကွယ်ပေးသည်။ စိုထိုင်းဆမြင့်သော ပတ်ဝန်းကျင်နှင့် အရပ်ဒေသများ၌ COVID ဗိုင်းရပ်စ်က မလှုပ်မရှား ငြိမ်သက်နေသဖြင့် ကူးစက်ပျံ့နှံ့မှုကို တုံ့ဆိုင်းသွားစေသည်။
ရေသန့်ဘူးများသည် ပလတ်စတစ်ထုတ်ကုန်များဖြစ်သောကြောင့် ယင်းတို့၏ မျက်နှာပြင်ပေါ်တွင် COVID ဗိုင်းရပ်စ်ပိုး တွယ်ငြိနေပါက ၇၂ နာရီအထိ ရှင်သန်နေနိုင်သည်။ သို့ဖြစ်၍ ရေသန့်ဘူးကြီး/ငယ်များကို အိမ်ထဲသို့ မသွင်းမီ ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် နှစ်ဆယ်ကြာ နှံ့စပ်အောင် ပွတ်တိုက်ပြီး ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီးမှသာ အသုံးပြုသင့်ကြသည်။
ရေသန့်ဘူးများသည် ပလတ်စတစ်ထုတ်ကုန်များဖြစ်ကြသည့်အားလျော်စွာ နေရောင်ထဲ၌ ထားပါက ပလတ်စတစ်နှင့် နေရောင်ခြည်တို့ ထိတွေ့ဓာတ်ပြုကာ အန္တရာယ်ရှိသော ဓာတုပစ္စည်းများထွက်ပေါ်လာပြီး ရေသန့်၏ အရည်အသွေးကို ထိခိုက်နိုင်သည့်အတွက် ရေသန့်ဘူးများကို နေလှန်းခြင်းနှင့် နေပူခံခြင်းများကို ရှောင်ရှားသင့်ကြသည်။
COVID ဗိုင်းရပ်စ်ပိုးသည် သတ္တုမျက်နှာပြင်များပေါ်၌ တွယ်ငြိနေပါက ၄၂ နာရီကြာသည်အထိ ရှင်သန်နေနိုင်သဖြင့် COVID ကာလအတွင်း Steel နှင့် ဒန်သတ္တုပစ္စည်းများ၏ နေရာတွင် သောက်ရေခွက်အဖြစ် ဖန်ခွက်ကို လည်းကောင်း၊ ကော်ဖီပန်းကန်၊ လက်ဖက်ရည်ပန်းကန်၊ ထမင်းပန်းကန်နှင့် ဟင်းပန်းကန်များအဖြစ် ကြွေရည်သုတ် ပစ္စည်းများကို လည်းကောင်း သုံးစွဲသင့်ကြသည်။
COVID ဗိုင်းရပ်စ်သည် အေးခဲထားသော အသား/ငါးများပေါ်၌ ရက်သတ္တပတ် သုံးပတ်အထိ ရှင်သန်နိုင်စွမ်းရှိသည်။ သို့ရာတွင် ထိုကဲ့သို့ အေးခဲထားသော အသား/ငါးများ၏ ဆဲလ်များကပါ အေးခဲနေသည့်အတွက် ဗိုင်းရပ်စ်သည် ယင်းအသား/ငါးများ၏ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်ပေ။
သို့ဖြစ်၍ အေးခဲထားသော အသား/ငါးများကို ရေဖြင့် အထပ်ထပ်ဆေးကြောကာ ကျက်အောင် ချက်ပြုတ်ရန် လိုအပ်သည်။ COVID ဗိုင်းရပ်စ်၏ အန္တရာယ်မှ ရှောင်ရှားနိုင်ရေးအတွက် အစိမ်းစားခြင်း၊ အစိမ်းသုပ်စားခြင်းနှင့် မကျက်တကျက် ချက်ပြုတ်စားသောက်ခြင်းများကို အထူးပင် ရှောင်ရှားသင့်ကြပေသည်။
မီးဖိုချောင်သုံး ရှလကာရည်သည် COVID ဗိုင်းရပ်စ်၏ အပေါ်ယံရှိ အဆီပြင်လွှာကို ထိုးဖောက်ခြင်း မပြုနိုင်သည့်အတွက် အသား/ငါးများတွင် ဗိုင်းရပ်စ်ကပ်ငြိနေပါက ရှလကာရည်ဖြင့် နှပ်ထားသည့်တိုင် ဗိုင်းရပ်စ်က ပြိုကွဲပျက်စီးသားလိမ့်မည် မဟုတ်ကြောင်းကို သတိပြုကြရန် လိုအပ်သည်။ သို့ဖြစ်၍ COVID ကာလအတွင်း ဟင်းလျာများကို စီမံသည့်အခါ ကျက်အောင်ချက်ပြုတ်ပြီးမှ စားသောက်ခြင်းသည်သာလျှင် အန္တရာယ်အကင်းဆုံး ဖြစ်ပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here