COE နှင့် ဝင်ငွေခွန်အပြောင်းအလဲကာလမ မရောက်ခင်အထိ အေးစက်နေဦးမည့် ရန်ကုန်ကားစျေးကွက်

1641

အခွန်အပြောင်းအလဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုင်တွယ်မည့် COE စနစ်ကို စောင့်ကြည့်နေသဖြင့် ကားစျေးကွက် အခြေအနေမှာ အပြောင်းအလဲမရှိ ဆက်လက်အေးစက်နေသည်။ လက်ရှိတွင် ပြည်ပမှ တင်သွင်းသည့်ကားများနှင့် ပြည်တွင်းထုတ်ကားများကို ဝင်ငွေခွန်ကောက်ခံရာ၌ ကျပ်သိန်းသုံးရာအထိ ကားများကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝ၁ ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကားများကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်ကားများကို ၃ဝ ရာခိုင်နှုန်းကောက်ခံလျက်ရှိ ရာ လာမည့်နှစ်မှစ၍ ၃ ရာခိုင်နှုန်းသာ ကောက်ခံမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ကားအသစ်ဝယ်ယူမည့်သူများနှင့် ကားဟောင်းများ ဝယ်ယူပြီး အမည်ပေါက်ပြောင်းလဲလိုသူများက အခွန်သက်သာမည့်အချိန်ကို စောင့်နေကြခြင်းကြောင့် အရောင်းအဝယ်အေးစက်နေခြင်း ဖြစ်သည်။

”ဒီအချိန်မှာ လူတိုင်းက အပြောင်းအလဲကိုစောင့်ကြည့်နေကြတဲ့အတွက် ဧပြီလမတိုင်ခင်အထိ အရောင်းအဝယ်က အေးစက်နေဦးမှာ ဖြစ်ပါတယ်၊ ဧပြီလကျော်ပြီး ဇွန်၊ ဇူလိုင်လလောက်ဆိုရင်တော့ အရောင်းအဝယ် ပြန်ကောင်းလာဖို့ ရှိပါတယ်၊ COE စနစ်မှာ နယ်လိုင်စင်ကားတွေကို ရန်ကုန်လိုင်စင်ပြောင်းခွင့်ပေးမယ်ဆိုရင် အင်ဂျင်ပါဝါနည်းတဲ့ကားတွေလောက်ပဲအဆင်ပြေမှာပါ၊ အင်ဂျင်ပါဝါများတဲ့ကားတွေကတော့ အခွန်တွေများ သွားမှာပဲ၊ ၁၃ဝဝ စီစီကားလေးတွေကတော့ ပေးဆောင်ရတဲ့ အခွန်နှုန်းထားသက်သာတဲ့အတွက် ရန်ကုန်လိုင်စင် အဝင်ပေးခဲ့ရင် ဒီကားတွေရဲ့ အလားအလာက ကောင်းဖို့ရှိပါတယ်၊ စလစ်စျေးကတော့ ရန်ကုန်အမည်ပေါက် ကားကိုပဲ ရန်ကုန်စလစ်ထုတ်ပေးတဲ့အတွက် နယ်စလစ်နဲ့ ကြားမှာ ငါးသိန်းကျော် စျေးကွာဟသွားပါတယ်၊ အခုအချိန်မှာတော့ ရန်ကုန်စလစ် ရှာရတာမခက်ခဲသေးပေမဲ့ နှစ်ကုန်ခါနီးရင်တော့စလစ်ရှာရတာ အခက် အခဲရှိသွားနိုင်ပါတယ်”ဟု ‘အောင်ကမ္ဘာကားအရောင်းစင်တာ’ မန်နေဂျာ ကိုငယ်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း နံပါတ်ထွက်ပြီးသားကားအချို့ အရောင်းအဝယ် အနည်းငယ်ဖြစ်သော်လည်း ဝင်ငွေခွန် လျှော့ချပေးမည့်သတင်းကြောင့် စတိနံပါတ်ကားများမှာ အရောင်းအဝယ်အေးနေသည်။ လာမည့်နှစ်တွင် ဝင်ငွေခွန် ၃ ရာခိုင်နှုန်းသာ ကောက်ခံမည်ဆိုပါက ကားတန်ဖိုး အပေါ်မူတည်ပြီး ပေးဆောင်ရမည့် အခွန်နှုန်းထားများလည်း လျော့နည်းသက်သာသွားမည်ဖြစ်သည်။ စလစ်စျေးအပြောင်းအလဲသည်လည်း COE စနစ်အပေါ်မူတည်နေရာ ခွင့်ပြုပေးမည့်အစီးရေ၊ အင်ဂျင်ပါဝါအလိုက် ကောက်ခံမည့်နှုန်းထားများအရ အတက်၊ အကျရှိလာမည်ဖြစ်သည်။

”ဒီရက်ပိုင်းမှာ ကားစျေးကွက်အခြေအနေက ပိုအေးသွားပါတယ်၊ သိန်းတစ်ရာနဲ့ နှစ်ရာကြားကားတွေကတော့ အရောင်းအဝယ်ဖြစ်ပါတယ်၊ ကားစျေးကွက်အေးသွားတာက ဝင်ငွေခွန်ကောက်ခံမှုကို ၁၅ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်း၊ ၃ဝ ရာခိုင်နှုန်း ကောက်ခံနေရာကနေ လာမယ့်နှစ်မှာ ၃ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်း လျှော့ချပေးမယ်ဆိုတဲ့ ဥပေဒေကြမ်းကို အတည်ပြုတင်သွင်းထားတဲ့ကိစ္စနဲ့ YVQC(Yangon Vehicle Quode Certificate)ဆိုတဲ့ ရန်ကုန်လိုင်စင်ပြန်ချပေးမယ့်သတင်းတွေကြောင့် ဖြစ်ပါတယ်၊ နောက်တစ်ချက်က ကားဟောင်းစျေးက တရိပ်ရိပ်တက်လာတဲ့အတွက် ကားအသစ်တွေဘက်ကို အာရုံရောက်သွားတာလည်း ပါပါတယ်၊ YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ထုတ်ပေးခဲ့ရင် အသစ်တင်သွင်းမယ့်ကားတွေအတွက် အားသာချက်ရသွားမှာ ဖြစ်ပါတယ်၊ နောက်ပြီး ဝင်ငွေခွန်ကို ၁၅ ရာခိုင်နှုန်းနဲ့အထက်ကနေ ၃ ရာခိုင်နှုန်းပဲ ပေးဆောင်ရမယ်ဆိုရင် နံပါတ်အသစ်ကားတွေလည်း စျေးကျသွားနိုင်ပါတယ်”ဟု ‘ Automoto Com., Ltd.’ မန်နေဂျင်း ဒါရိုက်တာ ကိုသန့်ဇင်က ဆိုသည်။

ရန်ကုန်လိုင်စင်နှင့် ဝင်ငွေခွန်အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်အေးစက်နေသည့် ကာလတွင် စလစ်လည်း ဝယ်လိုအားနည်းနေသည်။ ကားအရောင်းစင်တာများမှ တင်သွင်းထားသည့်ကား များလည်း ဖြစ်ပေါ်လာနိုင်မည့်အပြောင်းအလဲကြောင့် အရောင်းအဝယ်အေးစက်နေသဖြင့် စလစ်လိုအပ်ချက်မှာ နည်းနေသည်။ နယ်လိုင်စင် အပ်ကားများကို ရန်ကုန်လိပ်စာပြောင်းခွင့်မရတော့သဖြင့် သက်တမ်းနှစ်နှစ် ဆယ်အမည်ပေါက်စလစ်စျေးမှာ ကျပ် ၁၂၇ သိန်းဝန်းကျင်စျေးမြင့်တက်သွားသော်လည်း ဝယ်လက်မရှိသောကြောင့် အရောင်းအဝယ်အေးနေသည်။ COE စနစ် အကောင်အထည်ပေါ်လာပြီး လာမည့်တွင်ကောက် ခံမည့်ဝင်ငွေခွန်နှုန်းထားများ လျှော့ချမည်ဆိုပါက စလစ်စျေးလည်းအနည်း ငယ်ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြသည်။ သက်တမ်းနှစ်နှစ်ဆယ် အပ်ကားများနှင့်အတူ တိုက်ကြေစလစ်နှင့် တက္ကစီစလစ်လည်း အဝယ်နည်းပါးနေသဖြင့် စျေးတန်းတစ်ခုတွင် ရပ်တန့်နေကြောင်း ကားစျေးကွက်အတွင်းမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here