COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုပေးရာတွင် အင်ဂျင်ပါဝါအလိုက် ခွဲခြားသတ်မှတ်ပြီး တင်သွင်းခွင့်ပေးဖွယ်ရှိ

1019

ရန်ကုန်၊ ဇန်နဝါရီ
COE စနစ်ဖြင့် ရန်ကုန်လိုင်စင် ခွင့်ပြုပေးရာတွင် အင်ဂျင်ပါဝါအလိုက် ခွဲခြားသတ်မှတ်ပြီး တင်သွင်းခွင့်ပေးဖွယ် ရှိကြောင်း မော်တော် ယာဉ်တင်သွင်းသူများထံမှ သိရသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ထိန်းချုပ်ရန်အ တွက် ၂ဝ၁၆ ခုနှစ်၊ ဧပြီလမှစ၍ ဖရီးပါမစ်ဖြင့် ကားများတင်သွင်းရာတွင် ရန်ကုန်လိုင်စင်ပါမစ်ခွင့်ပြုပေးခြင်းကို ရပ်ဆိုင်းခဲ့ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် CKD ၊ SKD ကားများကိုသာ ယာဉ်ပိုင်ရှင်ဆန္ဒအရ ရန်ကုန်လိုင်စင်ခွင့်ပြုပေးခဲ့သည်။ တစ်နှစ်ကျော် တင်သွင်းခွင့်ပိတ်ပင်ထားသော ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုကို ဧပြီ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ရာ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်မည်ဟု သိရသည်။

” COE စနစ်နဲ့ ရန်ကုန်လိုင်စင် ကားတင်သွင်းခွင့်ပေးမယ်ဆိုရင် ကားဟောင်း၊ ကားသစ်မခွဲခြားဘဲ အင်ဂျင်ပါဝါနဲ့ တန်အားအပေါ်မူတည်ပြီး ခွဲတမ်းသတ်မှတ်ပေးဖို့ ရှိပါတယ်၊ အင်ဂျင်ပါဝါနဲ့ခွဲခြားတဲ့ အခါမှာ ၁၃ဝဝ စီစီအောက်၊ ၁၃ဝဝ စီစီကနေ ၃ဝဝဝ စီစီအထိနဲ့ ၃ဝဝဝ စီစီအထက်ဆိုပြီး ခွဲခြားထားပါတယ်၊ နောက်ပြီး လုပ်ငန်းသုံးကားတွေအတွက်ကိုလည်း နှစ်တန်အထိနဲ့ နှစ်တန်ကနေ ငါးတန်ကြားဆိုပြီး ခွဲခြားထားပါတယ်”ဟု ‘မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းဖြန့် ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း’ ဥက္ကဌ ဒေါက်တာစိုးထွန်း က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဧပြီ ၁ ရက်ကစ၍ ရန်ကုန်လိုင်စင် ကားတင်သွင်းမှုကို ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ရာ ပြည်တွင်းထုတ် CKD ၊ SKD ကားများကို လက်ရှိအတိုင်း ရန်ကုန်လိုင်စင် ဆက်လက်ထုတ်ပေးမည်ဖြစ်ပြီး နယ်ဝင်ကားများအတွက် ခွင့်ပြုပေးမည်မဟုတ်ကြောင်း သိရသည်။ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပေးရာတွင်လည်း Brand New ၊ Used Car ဟူ၍ မခွဲခြားဘဲ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်ပြီး ခွဲခြားသတ် မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဖြိုး

LEAVE A REPLY

Please enter your comment!
Please enter your name here