စက်စွမ်းရည်
Hyundai Genesis ရဲ့ Front Engine အထားအသိုနဲ့ နောက် ဘီးယက်စနစ်မျိုးကိုပဲ အသုံးပြုထားတဲ့ Stinger မှာ မြင်းကောင်ရေ ၂၅၅ ကောင်အား 2.0 Liter Turbocharged ဆလင်ဒါလေးလုံးထိုး အင်ဂျင်တပ်ဆင်ထားပြီး ဥရောပနဲ့ တောင်ကိုရီးယားနိုင်ငံတွင်း ဈေးကွက် အတွက် ဒီဇယ်အင်ဂျင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဒါ့ပြင် Stinger ဟာ လေးဘီးယက်စနစ်ရရှိနိုင်တဲ့ ပထမဆုံး KIA ဆီဒန်ကားဖြစ်ပြီး လေးဘီးယက်စနစ်သုံး Stinger ဆိုရင်တော့ ပိုအဆင့်မြင့်တဲ့ မြင်းကောင်ရေ ၃၆၅ ကောင်အား 3.3 Liter Twin-Turbo အင်ဂျင်ကို တပ်ဆင် ထားပါတယ်။ အင်ဂျင်အားလုံးကို Paddle Shifter လေးတွေနဲ့ မောင်းနှင်မှုပုံစံ(Driving Mode)ငါးမျိုးပါဝင်တဲ့ Auto ဂီယာရှစ်ချက်တို့ တွဲဖက် ထားပါတယ်။ မောင်းနှင်မှုပုံစံ ငါးမျိုးကတော့ Personal၊ Eco၊ Sport ၊ Comfort နဲ့ Smart တို့ပဲဖြစ်ပြီး ကားမောင်းနှင်မှု အခြေအနေအပေါ် မူတည်လို့ ကားမောင်းသူစိတ်တိုင်းကျ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၆၇ မိုင်နှုန်းဝန်းကျင်ဖြစ်ပြီး ၅ ဒသမ ၁ စက္ကန့်အတွင်းမှာ သုည မိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်း ရောက်အောင် အရှိန်မြှင့်တင်မောင်းနှင်နိုင်ပါတယ်။ ပေါ့ပါးမှုထက် ကျစ်လျစ် တောင့်တင်းမှုကို ပိုပြီးအသားပေးတည်ဆောက်ထားတဲ့ Stinger မှာ စက်မှုပိုင်းဆိုင်ရာ နည်းပညာတွေကိုလည်း ထပ်တိုးအဆင့်မြှင့်ထားတာ ကြောင့် စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ အကောင်းဆုံး ထိန်းချုပ် မောင်းနှင်နိုင်ရုံတင်မကဘဲ အရည်အသွေးမြင့် ပြိုင်ကားတစ်စီးကို မောင်း နှင်ရတဲ့ ခံစားမှုမျိုး ရရှိစေမှာပါ။
တည်ဆောက်ပုံ
စပို့စ်ဆီဒန်ကားတွေထဲမှာ အဆင့်မြင့်စွမ်းဆောင်ရည်နဲ့ လှပတဲ့ ကိုယ်ထည်ဒီဇိုင်းကို အလိုက်ဖက်ဆုံးပေါင်းစပ်ထားတဲ့ အကောင်းဆုံးကား တစ်စီးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ KIA Stinger ဟာ ကားကိုယ်ထည်ဒီဇိုင်းဆုရ ကားတစ်စီးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် အဆင့်မြင့် ဇိမ်ခံကားမိုဒယ် Stinger ဟာ သမားရိုးကျ ဆီဒန်ကားတွေနဲ့မတူဘဲ Coupe တစ်စီးနဲ့ ခပ်ဆင်ဆင်တူတဲ့ကောက်ကြောင်း၊ ခပ်လျှောလျှော ကားခေါင် မိုးဒီဇိုင်း၊ ဆီဒန်ကားတစ်စီးရဲ့ အဆင့်မြင့်လှပတဲ့ ကိုယ်ထည်ဟန်နဲ့ Hatcback ကားတစ်စီးရဲ့ ပစ္စည်းထားစရာနေရာ ကျယ်ဝန်းတဲ့ စွမ်းရည် တို့ကို အကောင်းဆုံးပေါင်းစပ်ထားတဲ့ Fastback ကိုယ်ထည်နဲ့ စပို့စ် ဆီဒန်ကားမျိုး ဖြစ်ပါတယ်။KIA Car Designer တစ်ယောက်ရဲ့ အဆိုအရ Coca-Cola အအေးပုလင်းရဲ့ဟန်ကို တစ်စိတ်တစ်ပိုင်း မှီငြမ်းဖန်တီး ထားတယ်လို့ဆိုတဲ့ Stinger ရဲ့ ကိုယ်ထည်ဟာ BMW 3 Series လို တံခါးလေးပေါက် အသေးစားဇိမ်ခံဆီဒန်ကားလေးနဲ့ အရွယ်အစား ချင်း တူပါတယ်။ ကားအောက်ခံထည်ကို ကျစ်လျစ် တောင့်တင်းအောင် အသားပေး တည်ဆောက်ထားတဲ့ Stinger ဟာ Lexus GS နဲ့ Infiniti Q50 တို့လို ပြိုင်ဘက်ကားတွေထက် Wheelbase (ကားရှေ့ဘီးဝင်ရိုးနဲ့ နောက်ဘီးဝင်ရိုးကြား အကွာအဝေး) ပိုရှည်ပြီး BMW 4 Gran Coupe ထက် ကိုယ်ထည်ပိုရှည်သလို ဗြက် လည်း ပိုကျယ်ပါတယ်။ သူ့လို အတန်းအစားကားတွေထဲမှာ ဒီဇိုင်းလှပဖို့ အဓိက အသားပေးထားတဲ့ Stinger ရဲ့ ကိုယ်ထည်ဒီဇိုင်းတစ်ခုလုံးနီးပါးဟာ KIA GT Concept ကိုပဲ အခြေခံထားတာပါ။ ဒါပေမဲ့ GT Concept နဲ့ အကွဲပြားဆုံး အစိတ်အပိုင်းကတော့ ကားနောက်ပိုင်းပဲဖြစ်ပြီး Fastback ကိုယ်ထည်လို ဖန်တီးထားတဲ့ ပုံစံက Stinger ရဲ့ ကိုယ်ပိုင်ဒီဇိုင်း ဟန်ပန်တစ်ခုလို့ ဆိုရမှာပါ။ ခပ်မတ်မတ်လျှောလျှော ကားလေကာမှန်၊ ခပ်နိမ့်နိမ့် ကားခေါင်မိုးကောက်ကြောင်းနဲ့ Fastback ကိုယ်ထည်ရဲ့ ခပ် တိုတို ခပ်လျှောလျှော ကားနောက်ဘက်ဒီဇိုင်းတို့ဟာ Stinger ကို ပြိုင် ကားဆန်ဆန် သွက်လက်ပေါ့ပါးတဲ့ ရုပ်ထွက်မျိုးရရှိစေပေမဲ့ ကားအတွင်း ခန်းကိုတော့ ခပ်ကျုံ့ကျုံ့ ခပ်ကျဉ်းကျဉ်းအသွင် ပေါက်စေပါတယ်။ ဒါပေမဲ့ Wheelbase ရှည်လျားတာကြောင့် သူ့ပြိုင်ဘက် ကားတွေထက်တော့ အတွင်းခန်း ပိုကျယ်ဝန်းပါတယ်။ ရှည်လျားတဲ့ ကားရှေ့စက်ဖုံးနဲ့ ခပ်တိုတို ကားနောက်ဖုံးတို့ကြောင့် Stinger ဟာ အဆင့်မြင့်သေသပ်တဲ့ ကိုယ် ထည်အချိုးအစားမျိုးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ကားရှေ့ မျက်နှာစာမှာ KIA ရဲ့ နာမည်ကျော် ကျားနှာခေါင်းပုံစံ (Tiger Nose) ရှဲလ်(Grille)က အထင်ရှားဆုံးဖြစ်ပြီး အရွယ်အစားကြီးမားတဲ့ လေစုပ် ပေါက်တွေကတော့ ကားရဲ့အသွင်ကို ပိုကျယ်ပြန့်သယောင် ထင်ရစေပါ တယ်။ ကားရှေ့ဘီးတွေရဲ့ အနောက်၊ ကားတံခါးအရှေ့ဘက်နားမှာတော့ လေစုပ်ပေါက်လေးတွေ ထပ်တိုးပါဝင်ပါတယ်။ ထပ်တိုးမွမ်းမံထားတဲ့ ခရိုမီယမ်ရောင် ရှဲလ်က Stinger ရဲ့ သွက်လက်ပေါ့ပါးတဲ့ သဘောသဘာဝ ကို ပိုပြီးထင်ရှားစေပါတယ်။ ကားရှေ့မျက်နှာစာမှာ စိတ်ဝင်စားစရာကောင်း တဲ့ အချက်တစ်ခုကတော့ တောင့်တင်းတဲ့ ကောက်ကြောင်းလိုင်းတွေနဲ့ ချောမွေ့ပြေပြစ်လှပတဲ့ ကားစက်ဖုံးပဲဖြစ်ပြီး အလန်းစားစက်ဖုံးလေစုပ် ပေါက်တွေလည်း ထည့်သွင်းထားပါတယ်။ တောင်ကိုရီးယားဈေးကွက် အတွက် KIA Stinger မှာတော့ အကောင်းဆုံးတည်ဆောက်ထားတဲ့ Design လက်ရာတစ်ခုမှန်း သိသာပေါ်လွင်စေဖို့အတွက် Engineered By Excellence ဆိုတဲ့ ဆောင်ပုဒ်ရဲ့ အတိုကောက်အဖြစ် E အက္ခရာ အမှတ်တံဆိပ်လိုဂိုကို တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။
အတွင်းခန်း
Fastback ကိုယ်ထည်ပုံစံ စပို့စ်ဆီဒန်ကားသစ်လေး KIA Stinger ရဲ့ ငါးယောက်စီးအတွင်းခန်းကို အလှပဆုံးဒီဇိုင်းအဖြစ် မွမ်းမံပြင်ဆင် ထားပြီး ခေတ်မီအဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ အဆင့်မြင့်ဇိမ်ကျအောင် စီမံဖန်တီးထားပါတယ်။ ကားထိုင်ခုံတွေကို အဆင့်မြင့် Leather တွေနဲ့ ဖန်တီးထားပြီး Leather တွေကို အနက်ရောင်၊ အနီရောင်၊ ခဲရောင် ဖျော့ဖျော့ အပါအဝင် လှပစုံလင်တဲ့ အရောင်အသွေးမျိုးစုံနဲ့ ရရှိနိုင်ပါ တယ်။ Wheelbase ရှည်လျားတာကြောင့် သူ့ပြိုင်ဘက်ကားတွေထက် အတွင်းခန်းနေရာ ပိုကျယ်တဲ့ Stinger မှာ ခေတ်မီအဆင့်မြင့်တဲ့ နည်း ပညာပစ္စည်း အစုံအလင်နဲ့အတူ တုံ့ပြန်အားကောင်းတဲ့ အဆင့်အမြင့်ဆုံး လုံခြုံရေးနည်းပညာတွေလည်း ပါဝင်ပါတယ်။
ဈေးနှုန်းနှင့် ပြိုင်ဘက်
၂၀၁၇ ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ ၂၀၁၈ မိုဒယ်အဖြစ် ဈေးကွက် တင်ရောင်းချမယ့် KIA Stinger ဇိမ်ခံကားသစ်ရဲ့ဈေးကို အတိအကျ မသိရသေးပေမဲ့ ကျွမ်းကျင်သူတွေကတော့ အမေရိကန်ဒေါ်လာ လေးသောင်း ကျော်ကနေ ဒေါ်လာ ခြောက်သောင်းနီးပါးအထိ ရှိမယ်လို့ ခန့်မှန်းထားကြ ပါတယ်။ အဆင့်မြင့်ဇိမ်ခံ ကားဈေးကွက်မှာ 2018 KIA Stinger နဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်လာမှာကတော့ Audi A5 Sportback ၊ BMW 4series ၊ Mercedes CLS ၊ Lexus GS 350 ၊ Jaguar XF နဲ့ Infiniti Q50 တို့ပါပဲ။