ရန်ကုန်၊ သြဂုတ်
CNG ထည့်ရာတွင် အဆင်မပြေမှု များရှိနေသည့်အတွက် YBS ယာဉ်များသတ်မှတ်အခေါက်ရေ အပြည့် ပြေးဆွဲနိုင်ခြင်းမရှိကြောင်း ယာဉ်လိုင်းကုမ္ပဏီများထံမှ သိရသည်။
CNG ထည့်သွင်းချိန်တွင် မီးပြတ်တောက်ခြင်း၊ ညမထွက်ရ အမိန့်ရှိနေသည့်အတွက် ယာဉ်လိုင်း ပြေးဆွဲချိန်တွင် CNG ထည့်သွင်းရသည့် ကြာမြင့်ခြင်းများကြောင့် ယာဉ်လိုင်းပြေးဆွဲရသည့် အခေါက်ရေလျော့ကျခြင်းနှင့် ယာဉ်သွား လာမှု ပြတ်တောက်ခြင်းများ ရှိနေကြခြင်းဖြစ်သည်။
“ဟိုရက်က ပရက်ရှာအား လျော့လို့ဆိုပြီး တစ်နာရီကို ယာဉ်သုံးစီးနှုန်းနဲ့ နှစ်လိုင်းသွင်းတဲ့အတွက် တစ်နာရီ ခြောက်စီးပဲထည့်လို့ရတယ်၊ ယာဉ်လိုင်းတစ်လိုင်းကို နှစ် ခေါက်၊ တချို့ဆို တစ်ခေါက်လောက်ပဲ ပြေးဆွဲနိုင်တယ်၊ အဲ့ဒါကအခုတော့ အဆင်ပြေလာပြီ၊ ဒါပေမဲ့ အရင်ကဆိုရင် ည ၁၂ နာရီမှာ ဂတ်စ်ထည့်တဲ့အဖွဲ့ ည ၂ နာရီမှာ ဂတ်စ်ထည့်တဲ့အဖွဲ့ရှိတယ်၊ ဒါတွေက အခုညမထွက်ရအမိန့်ရှိနေတော့ ယာဉ်လိုင်းပြေးဆွဲတဲ့ အချိန်တွေမှာ ပါထည့်ရတယ်၊ အဲ့ဒီအချိန်မှာ မီးပြတ်တာတွေကလည်း ရှိနေတယ်၊ မီးစက်ရှိပေမဲ့ ဂတ်စ်ဆိုင်တွေက မီးစက်မနှိုးကြဘူး၊ အဲ့ဒီလိုတွေ ဖြစ်နေတော့ ယာဉ်လိုင်းပြေးဆွဲရတဲ့ အခေါက်ရေက အပြည့်မဆွဲနိုင်ကြ ဘူး၊ ယာဉ်မောင်းတွေအတွက် လည်း အဆင်မပြေဖြစ်ကြရတယ်”ဟု ‘လူထုမိတ်ဆွေ ပြည်သူ့အကျိုး ပြုယာဉ်လိုင်းကုမ္ပဏီ’၏ COO ဦး ကိုကိုနိုင်က ပြောသည်။
CNG ဆိုင်အရေအတွက် နည်းပါးနေခြင်း၊ CNG ထည့်ချိန် များ လျှော့ချလိုက်ခြင်း၊ CNG ထည့်ရသည့်ကြာချိန်အရ ယာဉ်တစ်စီးကို နှစ်နာရီကျော် သုံးနာရီ ဝန်းကျင် ကြာမြင့်နေသည့်အတွက် အလုပ်ချိန်များ ဆုံးရံှုးရသလို ယာဉ်လိုင်းပြေးဆွဲရသည့် အခေါက် ရေလျော့ကျမှုများ ဖြစ်နေသည်။ ယင်းကို ဖြေလျှော့စေရန်အတွက် CNG ကို ယခင်လို ၂၄ နာရီ ဝန်ဆောင်မှုမျိုး ပြန်လည်လုပ်ဆောင် ပေးရန်လိုအပ်နေကြောင်း Power Eleven ကုမ္ပဏီ ဥက္က႒ ကိုတရုတ်လေးက ပြောသည်။
“ညမထွက်ရရှိနေသေးပေမဲ့ ညကို ၁ဝ နာရီခွဲ ၁၁ နာရီအထိ ရောင်းပေးနေပါတယ်၊ မနက်ကို ၅ နာရီကနေ စရောင်းပေးပါတယ်၊ အရင်က ၂၄ နာရီအလုပ်ကို အခု ၁၆ နာရီနဲ့ ရောင်းရတဲ့အတွက် တချို့ဆိုင်တွေမှာ အလုပ်များနေ တဲ့အချိန် ၁ဝ စီး၊ ၁၂ စီးအပြင်မှာ တန်းစီနေရတာမျိုး ရှိနိုင်ပါတယ်၊ CNG သုံးတဲ့ မအူပင်၊ ညောင်တုန်းက ဓာတ်မြေသြဇာ စက်ရုံ နှစ်ရုံလုံးလည်နေတဲ့အချိန် အခန့် မသင့်လို့ ပိုက်လိုင်းပေါက်တာတို့ကြောင့် ပရက်ရှာကျတယ်ဆိုတာ မျိုးဖြစ်တာပါ၊ သြဂုတ် ၆ ရက်က ဖြစ်ခဲ့တာပါ၊ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ပေးခဲ့ပြီးပါပြီ၊ မအူပင် ညောင်တုန်းက ဓာတ်ငွေ့ပိုက်လိုင်း တွေနဲ့ သွယ်ထားတဲ့ YBS အတွက် CNG ထည့်တဲ့ဆိုင် ၃၁ ဆိုင်ရှိပါ တယ်၊ နေ့စဉ်လည်း စောင့်ကြည့်စစ် ဆေးနေပါတယ်”ဟု မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ အထွေထွေမန်နေဂျာ ဦးလှဝင်ဌေးက ပြောသည်။
ကြည်ပြာ