City Taxi မှတ်ပုံတင် သက်တမ်းပြည့်နေသည့် အငှားယာဉ် လေးသောင်းကျော်ရှိနေပြီဖြစ်သော်လည်း Covid ရောဂါကူးစက်မှု အခြေအနေအရ လုပ်ငန်းများ ဆက်လက် ရပ်နားထားမည်

105

 

ရန်ကုန်၊ နိုဝင်ဘာ ၄

အငှားယာဉ် လုပ်ငန်းများ ရပ်နားထားရသည့် ကာလအတွင်း City Taxi မှတ်ပုံတင် သက်တမ်းတိုးပြုလုပ်ပေးရမည့် ယာဉ် လေးသောင်းကျော် ရှိနေပြီဖြစ်သော်လည်း Covid-19 ရောဂါကူးစက်မှု မြင့်တက်နေသည့်အတွက် လုပ်ငန်းများကို ဆက်လက် ရပ်နားထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

လတ်တလောဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါ Covid-19 ကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် မတ်လမှစပြီး City Taxi လုပ်ငန်းများ ရပ်နားခဲ့ခြင်းဖြစ်သည်။ စတင်ရပ်နားခဲ့သည့်အချိန်မှ အောက်တိုဘာလကုန်အထိ ရှစ်လတာကာလအတွင်း City Taxi မှတ်ပုံတင်သက်တမ်းတိုး ပြုလုပ်ပေးရမည့် ယာဉ်အစီးရေ လေးသောင်းကျော်အထိ ရှိနေပြီဖြစ်သည်။ လက်ရှိတွင် ရောဂါကူးစက်မှု များပြားနေသေးသည့်အတွက် လုပ်ငန်းများ ဆက်လက် ရပ်ဆိုင်းထားရဆဲဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေအပေါ်မူတည်၍ လုပ်ငန်း ပြန်လည်စတင်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“City Taxi လုပ်ငန်းတွေ ရပ်နားခဲ့တဲ့အချိန်ကနေ လက်ရှိအချိန်အထိ သက်တမ်းတိုးပြုလုပ်ပေးရမယ့် အငှားယာဉ် လေးသောင်းကျော်အထိရှိနေပါတယ်၊ လုပ်ငန်းတွေ ရပ်နားထားတာကြာတော့ လုပ်ရမယ့် လုပ်ငန်းထုထည်က ကြီးကြီးလာတယ်၊ လုပ်ရမှာလည်း အခက်အခဲတွေရှိလာတယ်၊ ဒါပေမဲ့လည်း အခုအချိန်က ရောဂါကူးစက်မှု အခြေအနေကို အလေးထားပြီးလုပ်နေရတဲ့ကာလ ဖြစ်တယ်၊ ရောဂါထိန်းချုပ်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်အသီးသီး လုပ်ရတဲ့စီမံချက်ဖြစ်နေတဲ့အတွက် လတ်တလော ရပ်နားထားရဦးမှာပါ၊ ရောဂါအခြေအနေအပေါ်မူတည်ပြီး ပြန်လုပ်တဲ့အခါ စနစ်တကျလုပ်နိုင်ဖို့ စီစဉ်သွားပါ့မယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ​​ပြောသည်။

YRTA ၏ City Taxi စာရင်းအရ ရန်ကုန်အမည်ပေါက် အငှားယာဉ် အစီး​ရေ ၆၅,၆၂၀ ရှိပြီး လုပ်ငန်းရပ်ဆိုင်းထားသည့် ကာလအတွင်း City Taxi မှတ်ပုံတင် သက်တမ်းပြည့်သည့်ယာဉ် လေးသောင်းကျော်ရှိနေခြင်းဖြစ်သည်။ ထိုထဲတွင် လိုင်စင် အနီမှ အနက်ပြောင်းသည့်ယာဉ်၊ အို/ဟောင်း အပ်နှံသည့်ယာဉ်၊ အခြားအကြောင်းအရာများကြောင့် အငှားယာဉ်မဟုတ်တော့သည့် ယာဉ်များလည်း ပါဝင်ကြောင်းသိရသည်၊

ကြည်ပြာ

ဓါတ်ပုံ-ဆန်း​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here