ရန်ကုန်၊ မတ်
City Taxi မှတ်ပုံတင် မပြုလုပ်ထားသည့် တက္ကစီများကို ဧပြီလတွင် စတင်အရေးယူနိုင်ရန်အတွက် ဝန်ကြီးချုပ်ထံ တင်ပြပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ မှ သိရသည်။
ရန်ကုန်အမည်ပေါက် အငှားယာဉ် တက္ကစီများကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ City Taxi မှတ်ပုံတင်ပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်သော်လည်း လက်ရှိအချိန်အထိ City Taxi မှတ်ပုံတင် မပြုလုပ်ထားသည့် တက္ကစီယာဉ်များရှိနေသေးသည့်အတွက် အရေးယူမှုစတင်တော့မည်ဖြစ်ကြောင်း သိရသည်။
”ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားပြီး City Taxi မှတ်ပုံတင် မပြုလုပ်တဲ့ အငှားယာဉ်တွေကို လုပ်ငန်းလိုင်စင်ဖျက်သိမ်းတဲ့အထိ အရေးယူမယ်ဆိုတာ တရားဝင် ကြေညာထားပြီးသား ဖြစ်ပါတယ်၊ သတ်မှတ်ရက်မတိုင်ခင် စာရင်းပေးထားပြီး နံပါတ်ကပ်တာတွေ၊ လုပ်ငန်းဆောင်ရွက်တာတွေ ပြုလုပ်ဖို့ကျန်သေးတဲ့ တက္ကစီတွေကို ဒီလထဲမှာ အပြီးသတ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ City Taxi ပြုလုပ်ဖို့ကျန်တဲ့ ကားတွေကိုတော့ ဝန်ကြီးချုပ်ဆီ တင်ပြပြီးတာနဲ့ အရေးယူမှု စတင်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ City Taxi မှတ်ပုံတင်လုပ်ငန်းဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
City Taxi မှတ်ပုံတင် ပြုလုပ်ရန်အတွက် စာရင်းပေးထားပြီး လုပ်ငန်းလုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် တက္ကစီများကို ယခုလမကုန်မီ အပြီးသတ်လုပ်ဆောင်မည် ဖြစ်ပြီး မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိနေသေးသည့် တက္ကစီများကို အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင် တက္ကစီ အငှားယာဉ်ခြောက်သောင်းကျော် ရှိသော်လည်း လက်ရှိအချိန်အထိ City Taxi မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေငါးသောင်းကျော်သာ ရှိသေးကြောင်း သိရသည်။
ရဲထွန်းကျော်