City Taxi မှတ်ပုံတင်ပြုလုပ်ရန် အငှားယာဉ် အစီးနှစ်သောင်းကျော် ကျန်ရှိ

1052

ရန်ကုန်၊ ဖေဖော်ဝါရီ
City Taxi မှတ်ပုံတင်ပြုလုပ်ရန် အငှားယာဉ် အစီးနှစ်သောင်းကျော် ကျန်ရှိနေသေးကြောင်း YRTA City Taxi မှတ်ပုံတင်ဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ကောက်ယူထား သောစာရင်းများအရ ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ထားသည့်အငှားယာဉ် ၇၉,ဝဝဝ ကျော်ရှိသော်လည်း City Taxi မှတ်ပုံတင်ပြုလုပ်ထားသည်မှာ အစီးငါးသောင်းကျော်သာ ရှိသေးကြောင်း သိရသည်။

”ပြီးခဲ့တဲ့နှစ်အတွင်း ကောက်ယူထားတဲ့စာရင်းတွေအရ ရန်ကုန်လိုင်စင်နဲ့ တက္ကစီ အစီး ၇၉,ဝဝဝ ကျော် မှတ်ပုံတင်ထားတယ်လို့သိရပါတယ်၊ သတ်မှတ်ကာလအတွင်း City Taxi မှတ်ပုံတင်ပြုလုပ်တာ အစီးငါးသောင်းကျော်ပဲ ရှိတဲ့အတွက် အစီးနှစ်သောင်းကျော် ကျန်နေပါသေးတယ်၊ ဒါပေမဲ့တချို့ကားတွေက အရည်ကျို အပ်နှံခဲ့ကြတဲ့အတွက် စာရင်းအတိအကျမရှိသေးပါဘူး၊ အပ်နှံဖျက်သိမ်းခဲ့တဲ့ ကားတွေကလည်း စာရင်းမပေးပို့တဲ့အတွက် အရေအတွက် အတိအကျရဖို့ ခက်နေပါတယ်၊ အစီးရေ အတိအကျသိပြီဆိုရင်တော့ City Taxi မှတ်ပုံမတင်ထားတဲ့ ကားတွေကို စတင်အရေးယူ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု YRTA City Taxi မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂ဝ၁၇ ခုနှစ်အထိ ရန်ကုန်လိပ်စာဖြင့် မှတ်ပုံတင်ပြုလုပ်ထားသော အငှားယာဉ် ၇၉,ဝဝဝ ကျော်ရှိပြီး ၅၇,၆၁၆ စီးသာ City Taxi မှတ်ပုံတင် ပြုလုပ်ထားကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် အငှားယာဉ်စာရင်း အတိအကျရရှိပါက City Taxi မှတ်ပုံတင်ပြုလုပ်ထားခြင်းမရှိ သောကားများကို စတင်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here