ရန်ကုန်၊ မေ
အငှားယာဉ်အဖြစ် ပြေးဆွဲနေပြီး လက်ရှိအချိန်အထိ City Taxi မှတ်ပုံတင် ပြုလုပ်ထားခြင်းမရှိသော ရန်ကုန်လိုင်စင် အငှားယာဉ်များကို အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ City Taxi မှတ်ပုံတင်ဌာနမှ သိရသည်။
ရန်ကုန်လိုင်စင် အငှားယာဉ်များ City Taxi မှတ်ပုံတင် ပြုလုပ်ရန်အတွက် ယခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားသတ်မှတ်ခဲ့ပြီး ယင်းရက်မတိုင်မီကတည်းက အငှားယာဉ်အဖြစ် ပြေးဆွဲနေသော်လည်း နောက်ဆုံးသတ်မှတ်ရက်အထိ City Taxi မှတ်ပုံတင်ပြုလုပ်ထားခြင်းမရှိသည့် ယာဉ်များကို အရေးယူမှုပြုလုပ်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့ပြင်သတ်မှတ်ရက်ကျော်လွန်သွားပြီဖြစ်၍ City Taxi မှတ်ပုံတင်ပြုလုပ်ခြင်းကိုလည်း ရပ်တန့်ထားကြောင်း သိရသည်။
”သတ်မှတ်ထားတဲ့ နောက်ဆုံးရက်အထိ City Taxi မှတ်ပုံတင် ပြုလုပ်တဲ့ကား အစီးခြောက်သောင်း ဝန်းကျင်ရှိပါတယ်၊ သတ်မှတ်ရက် နောက်ပိုင်းမှာ သက်တမ်းတိုးပြုလုပ်မယ့်ကားတွေကိုပဲ မှတ်ပုံတင်သက်တမ်းတိုးပေးမှာပါ၊ သတ်မှတ်ရက်မတိုင်ခင်ကတည်းက အငှားယာဉ်အဖြစ်ပြေးဆွဲနေပေမဲ့ City Taxi မှတ်ပုံတင်မလုပ်ရသေးတဲ့ကားတွေကိုတော့ မှတ်ပုံတင် မပြုလုပ်ပေးတဲ့အပြင် အရေးယူဖို့အတွက်လည်း စီစဉ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ City Taxi မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေပြီး ရန်ကုန်လိုင်စင် အငှားယာဉ်စာရင်း အတိအကျရရှိနိုင်ရန်နှင့် အို/ဟောင်းအပ်နှံထားသည့်ယာဉ်များ၊ အစားထိုးတင်သွင်းထားသည့်ယာဉ်များစာရင်းများကို ပြန်လည်စိစစ်နေကြောင်း သိရသည်။
၂ဝ၁၇ ခုနှစ် စာရင်းအရ ရန်ကုန်လိုင်စင် အငှားယာဉ်အစီးရေ ၇၉,ဝဝဝ ကျော် ရှိနေသော်လည်း နောက်ဆုံး သတ်မှတ်ရက်အတွင်း အစီးရေ ခြောက်သောင်းကျော်သာ City Taxi မှတ်ပုံတင်ပြုလုပ်ထားကြောင်းသိရသည်။
ကြည်ပြာ