City Taxi  မှတ်ပုံတင်ခြင်းကို သတ်မှတ်ရက်ထက်တိုး၍  ခွင့်ပြုပေးရန် စီစဉ်

1026

တက္ကစီယာဉ်များ City Taxi  မှတ် ပုံတင်ခြင်းကို သတ်မှတ်ရက်ထက်တိုး၍ ဆောင်ရွက်ပေးရန် စီစဉ် လျက်ရှိကြောင်း YRTA City Taxi  မှတ်ပုံတင်ဌာနမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် တက္ကစီယာဉ်အားလုံးကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး City Taxi  မှတ်ပုံတင်ရန်ညွှန်ကြားထားသော်လည်း တက္ကစီအရေအတွက်နှင့်  သတ်မှတ်ထားသည့်ရက် မလုံလောက်သည့်အတွက် မှတ်ပုံတင်ခြင်းကို သတ်မှတ်ရက်ထက်တိုး၍ ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ ခွင့်ပြုချက်တောင်းခံထားကြောင်း YRTA City Taxi  မှတ်ပုံတင်ဌာနမှ သိရသည်။

 

” City Taxi  မှတ်ပုံတင်တာကို အမြန်ပြီးအောင် ဝန်ထမ်းအင်အား၊ အချိန်တွေ ထပ်တိုးပြီး ခရိုင်နှစ်ခုစီ ခွဲလုပ်ပေးတာတောင် တက္ကစီအရေ အတွက်များတဲ့အတွက် သတ်မှတ်ရက်မှာ ကားအကုန်လုံး မပြီးနိုင်ပါဘူး၊ ဒါကြောင့် ရက်ထပ်တိုးပြီး မှတ်ပုံတင်ပြုလုပ်ပေးဖို့ YRTA ရုံး ချုပ်ကို ခွင့်ပြုချက် တောင်းထားပါတယ်၊ တက္ကစီယာဉ်တွေ အားလုံး City Taxi  မှတ်ပုံတင်နိုင်အောင် လုပ်ပေးမှာပါ”ဟု City Taxi  မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တက္ကစီများ City Taxi  မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍  ပြုလုပ်ရမည်ဖြစ်ကြောင်း YRTA က နိုဝင်ဘာ ၁၂ ရက်တွင် ñွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

ခရိုင်လေးခုမှ တက္ကစီများ City Taxi  မှတ်ပုံတင်ရာတွင်  အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင်ရှိ တက္ကစီများကို လေးထောင့်ကန် လမ်းမကြီးရှိ YRTA ဗဟိုရုံး၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်မှ တက္ကစီများကို အင်းစိန်ရှိ YRTA မြောက်ပိုင်းခရိုင်ရုံးတို့တွင် ပြုလုပ်ပေးလျက်ပြီး တစ်ရက်လျှင် YRTA မှတ်ပုံတင်ပြုလုပ်သည့် အစီး ခုနစ်ရာကျော် ရှိကြောင်း သိရသည်။

 

City Taxi  မှတ်ပုံတင်ပြုလုပ်ခြင်းကို စတင်ခဲ့သည့် နိုဝင်ဘာ ၁၄ ရက်မှ လက်ရှိအချိန်အထိ မှတ်ပုံတင် လာရောက်ပြုလုပ်ထားသည့် တက္ကစီ ၈,၈၇၁ စီးရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့်တက္ကစီ ၆၇,ဝဝဝ ကျော်ရှိကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here