Chiron ရဲ့ပြိုင်ပွဲဝင်ဗားရှင်း 2018 Bugatti Chiron Sport

754

အဆင့်မြင့်ပြိုင်ကားကုမ္ပဏီ Bugatti ဟာ နာမည်ကျော် Veyron ပြိုင်ကားရဲ့ ဆက်ခံသူမိုဒယ်သစ် Chiron ပြိုင်ကားသစ်ကို ၂ဝ၁၆ ခုနှစ်နောက်ပိုင်းမှာ ထုတ်လုပ် စျေးကွက်တင်ခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်ရဲ့ ဂျီနီဗာ ကားပြပွဲမှာတော့ Chiron ရဲ့ ပြိုင်ပွဲဝင်ဗားရှင်း Chiron Sport ပြိုင်ကား မိုဒယ်သစ်ကို ထပ်တိုးမိတ်ဆက်ခဲ့ပါတယ်။ အရင် Chiron မိုဒယ်ကိုပဲ အခြေခံတည်ဆောက်ထားတာကြောင့် သိပ်ကွာခြားမှုမရှိပေမဲ့ Chiron Sport ဟာ ပြိုင်ပွဲအသားပေး ကားတစ်စီးဖြစ်တာကြောင့် အရင်ထက် ပိုပေါ့ပါးကျစ်လျစ်ပြီး လေခွင်းအားလည်း ပိုကောင်းအောင် အထူးမွမ်းမံ တည်ဆောက်ထားပါတယ်။ ဒါ့ပြင် ၂ဝ၁၈ မိုဒယ် ပြိုင်ပွဲသုံး စူပါပြိုင်ကားသစ် Chiron Sport ဟာ ပိုကောင်းမွန်တဲ့ ထိန်းချုပ်မောင်းနှင်မှုစွမ်းရည်၊ ထူးခြားဆန်းသစ်တဲ့ဒီဇိုင်းနဲ့အတူ အံ့သြစရာကောင်းလောက်တဲ့ သွက်လက်ပေါ့ပါးမှုနဲ့ အဆင့်မြင့်ဆုံး ဇိမ်ကျသက်သာမှုတို့ကို လိုက်ဖက်ညီညီ ပေါင်းစပ်ထားပြီး မမေ့နိုင်စရာ မောင်းနှင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ 2018 Bugatti Chiron Sport အတွက် ကြိုတင်အမှာစာတွေကို လက်ခံနေပြီဖြစ်ပြီး ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ မှာယူထားသူတွေဆီ အရောက်ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ ကားရဲ့အခြေခံစျေးကိုတော့ ဥရောပမှာ ယူရို ၂ ဒသမ ၆၅ သန်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၆ သန်းနဲ့အထက် သတ်မှတ်ထားပါတယ်။

ပြိုင်ပွဲဝင်ဗားရှင်းအဖြစ် ဖန်တီးတည်ဆောက်ထားတဲ့ တံခါးနှစ်ပေါက်နဲ့ ပြိုင်ကားမိုဒယ်သစ် Chiron Sport ရဲ့ ထူးခြားထင်ရှားတဲ့ကိုယ်ထည်မှာ ပိုပြီးတောင့်တင်းသန်မာတဲ့ အောက်ခံထည်အထားအသို၊ စွမ်းအားပြည့်ဝ ကောင်းမွန်တဲ့ Torque Vectoring Function နဲ့ ပြိုင်ကားဆန်မှုကို အသားပေးထားတဲ့ ဆိုင်းထိန်းစနစ် အနေအထားတို့ ပါဝင်ပါတယ်။ ကားမှာ အလေးချိန်ပေါ့ပါးတဲ့ ကားဘီးသစ်တွေတင်မကဘဲ အသစ်မွမ်းမံထားတဲ့ ပြတင်းပေါက်၊ ကာဗွန်ဖိုင်ဘာသား Intercooler နဲ့ ထုတ်လုပ်မှုမိုဒယ်ကားတစ်စီးမှာ ပထမဆုံးအဖြစ် ကာဗွန်ဖိုင်ဘာသား လေကာမှန်ရေသုတ်တံတို့လို အလေးချိန်ပေါ့ပါးတဲ့ သတ္တုပစ္စည်းတွေ အသုံးပြုထားပါတယ်။ အဲဒီကိုယ်ထည်အစိတ်အပိုင်းတွေက Chiron Sport ရဲ့ ကိုယ်ထည်အလေးချိန်ကို ၁၈ ကီလိုဂရမ်(၄ဝ ပေါင်)လောက် ပိုပေါ့ပါးသွားစေပြီး ကားကိုလည်း ပိုသွက်လက်မြန်ဆန်စေပါတယ်။ ဒါ့ပြင် အသစ်မွမ်းမံထားတဲ့ ပြိုင်ပွဲဝင်ကားပုံစံ အပြင်အဆင်တွေကလည်း Chiron Sport ကို ပိုပြီး ထူးခြားပေါ်လွင်တဲ့ရုပ်ထွက် ရရှိစေပြီး ထူးခြားတဲ့ စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံ နဲ့ ခမ်းနားထည်ဝါတဲ့ ဇိမ်ကျသက်သာမှုတွေကို ပေါင်းစပ်ထားတဲ့ Bugatti ကားတစ်စီးရဲ့ အသွင်ကို ပိုသိသာထင်ရှားစေပါတယ်။ ပေါ့ပါးတဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေ ပေါင်းစပ်ပါဝင်တဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ကားအောက်ခံထည်ဟာ Chiron မိုဒယ်ရဲ့ ထူးခြားဇိမ်ကျမှုကိုလည်း မပျောက်ပျက်စေဘဲ ထိန်းချုပ်မောင်းနှင်မှုကို ပိုကောင်းစေပြီး ပိုလည်းဖျတ်လတ်မြန်ဆန်စေပါတယ်။ ဆန်းပြားသစ်လွင်တဲ့ ကားရှေ့မျက်နှာစာဟာ အရင် Chiron ပြိုင်ကားနဲ့ သိပ်မကွာခြားလှပါဘူး။ ထူးခြားချက်တစ်ခု ကတော့ ‘ဂ’ ပုံစံဖြစ်နေတဲ့ ခပ်ဝိုက်ဝိုက် ရှဲလ်(Grille) အတွင်းမှာ ၁၆ ဂဏန်းကို အထင်အရှား ရေးထိုး တပ်ဆင်ထားတာပဲဖြစ်ပြီး ဆလင်ဒါ ၁၆ လုံးထိုး အင်ဂျင်ကို ရည်ရွယ်ထားတာပါ။ ကားတစ်စီးလုံးကို Chiron မိုဒယ်ရဲ့ မူမပျက်အောင် ဆန်းပြားလှပစွာ တည်ဆောက်ထားပြီး ကားအနောက်ဘက်စွန်းမှာ လေးခုတွဲအိပ်ဇောပိုက် ဒီဇိုင်းသစ်က ကားကို လှလှပပ အဆုံးသတ်ပေးထားပါတယ်။

Chiron Sport မှာ အရင်မိုဒယ်လို မြင်းကောင်ရေ ၁၄၇၉ ကောင်အား Quad-turbocharged W16 အင်ဂျင်ကိုပဲ တပ်ဆင်ပေးထားပါတယ်။ ဒါပေမဲ့ ကားကိုယ်ထည်မှာ ကာဗွန်ဖိုင်ဘာသားတွေ ခပ်များများ အသုံးပြုထားတာကြောင့် ပေါ့ပါးတဲ့ ကိုယ်ထည်အလေးချိန်နဲ့ ပိုပြီး ကျစ်လျစ်တောင့်တင်းတဲ့ ဆိုင်းထိန်းစနစ်က ခရီးဝေးမောင်းတဲ့အခါမှာတောင် အချိုးအကွေ့ ပြုလုပ်တဲ့အခါ ပိုကောင်းမွန်စေပါတယ်။ ကားရဲ့ စတီယာရင်ကိုလည်း ထပ်တိုးမွမ်းမံထားတာကြောင့် ထိန်းချုပ်မောင်းနှင်မှုကို ပိုကောင်းစေပါတယ်။ ဒါ့ပြင် ထပ်တိုးထားတဲ့ လေခွင်အား အပြင်အဆင်တွေက ကားပြိုင်ကွင်းထဲမှာ ပြိုင်ဘက်ကင်းစေအောင် ဖန်တီး ပေးနေပါတယ်။ ကားရဲ့အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီ ကို ၄၂ဝ ကီလိုမီတာဖြစ်ပြီး အချိန်နှစ်စက္ကန့်ခွဲ အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ ၆၂ မိုင်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်ကားတစ်စီး ဖြစ်ပေမဲ့လည်း Chiron Sport ရဲ့ အတွင်းခန်းကို ဇိမ်ကျ သက်သာမှုရှိအောင် အထူးမွမ်းမံထားပြီး Al-Cantara , Leather နဲ့ ကာဗွန်ဖိုင်ဘာသားတွေကို အလှပဆုံးဖြစ်အောင် ပေါင်းစပ်အသုံးပြုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here