Car of the Week

1044

Mercedes ကားကုမ္ပဏီဟာ စွမ်းဆောင်ရည်မြင့် လုပ်ငန်းခွဲ AMG ထုတ် AMG GT ဆီဒန်ကားမျိုးကို မျှော်လင့်နေကြသူတွေအတွက် ၂ဝ၁၈ ခုနှစ်မှာတော့ တံခါးလေးပေါက်ဇိမ်ခံကားမိုဒယ်သစ် Mercedes-AMG GT 4-Door Coupe ကို ပွဲထုတ်လိုက်ပါတယ်။ ၂ဝ၁၈ ခုနှစ်၊ ဂျီနီဗာ ကားပြပွဲမှာ ထုတ်လုပ်မှုမိုဒယ်သစ်အဖြစ် ပွဲထုတ်လိုက်တဲ့ အဲဒီ GT 4-Door Coupe ဟာ AMG GT ပြိုင်ကားရဲ့ တံခါးလေးပေါက်ဗားရှင်းလို့လည်း ဆိုနိုင်ပါတယ်။ နေ့စဉ်အသုံးပြုမောင်းနှင်နိုင်အောင် ဖန်တီးတည်ဆောက်ထားတဲ့ ပထမဆုံး တံခါးလေးပေါက်Version မိုဒယ်လည်းဖြစ်တဲ့ 2018 Mercedes-AMG GT 4-Door Coupe ကို အခြေခံမိုဒယ် GT 53 ၊ GT 63 နဲ့ အဆင့်အမြင့်ဆုံး GT 3S ဆိုတဲ့ Trim Level သုံးမျိုး ခွဲခြားထုတ်လုပ်ထားပါတယ်။

စက်စွမ်းရည်

AMG ရဲ့ 4 MATIC+ လေးဘီးယက်စနစ်သုံး AMG GT 4-Door  ကားသစ်ဟာ AMG GT  ပြိုင်ကားရဲ့ တံခါးလေးပေါက်ဗားရှင်း ဖြစ်ပေမဲ့ အင်ဂျင်နဲ့ စက်ပိုင်းဆိုင်ရာကတော့ အရင်နဲ့မတူဘဲ ကွဲပြားခြားနားပါတယ်။ Trim Level သုံးခုအပေါ်မူတည်လို့ အင်ဂျင်နဲ့ စွမ်းဆောင်ရည်လည်း ကွဲပြားပြီး အဆင့်အမြင့်ဆုံး GT63S မှာ မြင်းကောင်ရေ ၆၃ဝ အား 4.0 Liter V8 Bi-Turbo  အင်ဂျင် တပ်ဆင်ထားပါတယ်။ တခြား Trim နှစ်ခုထက်တင်မက AMG ထုတ် တံခါးနှစ်ပေါက် GT ပြိုင်ကားတွေထက်တောင် စွမ်းအင်ပိုများပြားတဲ့ GT63S ရဲ့ အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၁၉၅ မိုင်နှုန်းဖြစ်ပြီး ၃ ဒသမ ၁ စက္ကန့်အတွင်းမှာ သုည မိုင်ကနေ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်ပါတယ်။ GT 4-Door Coupe ရဲ့ V8 အင်ဂျင်တွေမှာ ဆီစားသက်သာစေဖို့အတွက် လိုအပ်မှ ဆလင်ဒါကိုအသုံးပြုမယ့် Cylinder Deactivation စနစ်ပါဝင်ပြီး AMG ရဲ့ Speedshift Auto ဂီယာကိုးချက်ကို တပ်ဆင်ပေးထားပါတယ်။

တည်ဆောက်ပုံ

တံခါးလေးပေါက်နဲ့ ဇိမ်ခံကားသစ် AMG GT 4-Door Coupe ဟာ AMG GT  ပြိုင်ကားမိုဒယ်တွေကို အခြေခံတည်ဆောက်ထားပေမဲ့ ထူးခြားသိသာတဲ့ ကွဲပြားခြားနားမှုတွေရှိပါတယ်။ သမားရိုးကျ Mercedes ဆီဒန်ကားတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ ဒီဇိုင်းအပြင်အဆင်တွေလည်း ပါဝင်တဲ့ GT 4-Door ဟာ တံခါးလေးပေါက် CLS မိုဒယ်နဲ့လည်း ခပ်ဆင်ဆင်တူပါတယ်။ ကားရှေ့မျက်နှာစာက လှပတင့်တယ်တဲ့ ဒီဇိုင်း အပြင်အဆင် အတော်များများဟာ GT ပြိုင်ကားတွေနဲ့ ဆင်တူပေမဲ့ အရွယ်အစားပိုကြီးတဲ့ ကားရှေ့မီးတွေနဲ့ အသစ်မွမ်းမံထားတဲ့ ကားရှေ့ ဘမ်ပါတို့ကတော့ တစ်မူကွဲပြားပြီး အဆင့်မြင့်တင့်တယ်တဲ့ ရုပ်ထွက်မျိုး ရရှိစေပါတယ်။ CLS နဲ့မတူတာကတော့ GT 4-Door မှာ AMG GT မိုဒယ်ရဲ့ Panamericana  ခေါ် ပြိုင်ပွဲဝင်ပုံစံ ရှဲလ်(Grille) ပါဝင်တာပဲ ဖြစ်ပြီး လေခွင်းအားပိုကောင်းအောင် အလယ်တည့်တည့် လေစုပ်ပေါက် ရဲ့ရှေ့မှာ Airpanel တစ်ခုကိုလည်း တပ်ဆင်ထားပါတယ်။ အဲဒီ ဒီဇိုင်း ဟာ အမိုက်စား AMG GT R ပြိုင်ကားကနေ မှီငြမ်းရယူထားတာပါ။ ကားရဲ့ ဘေးဘက်ဒီဇိုင်းကတော့ CLS မိုဒယ်လိုပဲ ရိုးရှင်းလှပပေမဲ့ ကားရှေ့ဘီးခုံးပေါ်မှာ အသစ်တပ်ဆင်ထားတဲ့ လေစုပ်ပေါက်တွေ၊ ပိုပြီးတောင့်တင်းဟန်ပေါက်တဲ့ ကားနောက်ဘီးခုံးကြီးတွေနဲ့ ပိုတင့်တယ်လှပတဲ့ ကား ခေါင်မိုးကောက်ကြောင်းတို့က GT 4-Door ရဲ့ ကိုယ်ထည်ကို တစ်မူ ထူးခြားလှပစေပါတယ်။ ပေါင်မဲ့ဘေးတံခါးပြတင်းပေါက်တွေက Coupe ကားတွေရဲ့အသွင်အပြင်မျိုးရှိတဲ့ ဆီဒန်ကားတစ်စီးမှန်း သိသာစေပါတယ်။ ကားအနောက်ဘက်ကတော့ Coupe ကိုယ်ထည်အသွင်ဖန်တီးထားတဲ့ ဆီဒန်ကားတစ်စီးအဖြစ် အသိသာစေဆုံး အစိတ်အပိုင်းလို့ ဆိုရမှာပါ။ ပုံမှန် ဆီဒန်ကားတွေထက် ပိုတိုတဲ့ ကားအနောက်ဘက်စွန်းမှာ ကားနောက်မီးတွေဟာ ရှည်သွယ်ပြီး မြေဝပ်အားကောင်းစေမယ့် လေပင့်အားထိန်းတောင်ပံလည်း ပါဝင်ပါတယ်။ ကားနောက်ဘက်က အရွယ်အစားကြီးမားတဲ့ Diffuser ကတော့ GT 4-Door ကို စပို့စ်ဆီဒန်ကားစစ်စစ်တစ်စီးမှန်း သိသာထင်ရှားစေပါတယ်။ ဘေးဘက်လေစုပ်ပေါက်တွေမှာ အလျားလိုက်ပုံစံ တရုတ်ကတ်ပြားသုံးခုပါဝင်တဲ့ ကားရှေ့ဘမ်ပါတုန်းကလိုပဲ Diffuser ဟာလည်း GT 63S လို V8 မိုဒယ်တွေမှာ ပိုခံ့ညားလှပပါ တယ်။ ခပ်နိမ့်နိမ့်ကားစက်ဖုံး၊ ထင်ရှားပေါ်လွင်တဲ့ ကားရှေ့မျက်နှာစာနဲ့ တောင့်တင်းကြံ့ခိုင်ဟန်ပေါက်တဲ့ ကားကိုယ်ထည်ဒီဇိုင်းဟာ GT 4-Door Coupe ရဲ့ ပြိုင်ကားဆန်ဆန်အငွေ့အသက်ကို ပိုပြီးသိသာထင်ရှားစေပါတယ်။

အတွင်းခန်း

တံခါးလေးပေါက် AMG GT 4-Door Coupe ကားသစ်ရဲ့အတွင်းခန်းဟာ သမားရိုးကျ GT အတွင်းခန်းတွေကိုပဲ အခြေခံထားတာဖြစ်ပြီး CLS နဲ့လည်း ခပ်ဆင်ဆင်တူတာကြောင့် Mercedes-AMG မိုဒယ်တွေမှာ တွေ့မြင်နေကျအတွင်းခန်းမျိုးလို့ ဆိုနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ အဆင့်အမြင့်ဆုံး GT 63S မိုဒယ်မှာဆိုရင် နူးညံ့ဇိမ်ကျတဲ့ အကောင်းစားအခင်းအကျင်းတွေနဲ့ ကာဗွန်ဖိုင်ဘာသား အပြင်အဆင်တို့ကို တွေ့မြင်ရမှာပါ။ AMG  GT ပြိုင်ကားတွေနဲ့ အကွဲပြားဆုံးအချက်ကတော့ GT 4-Door ရဲ့အတွင်းခန်းမှာ လူလေးယောက်အထိ လိုက်ပါစီးနင်းနိုင်တာပါပဲ။ ကားအတွင်းမှာ ၁၂ ဒသမ ၃ လက်မအရွယ် Display ဖန်သားပြင်ပါဝင်ပြီး ကားထိုင်ခုံတွေကိုလည်း ပုံစံနှစ်မျိုးရရှိနိုင်ပါတယ်။ ပထမတစ်မျိုးက ကာဗွန်ဖိုင်ဘာသားနောက်မှီထိုင်ခုံတွေဖြစ်ပြီး အရှိန်ပြင်းပြင်းကားမောင်းနေချိန်မှာတောင် ဇိမ်ကျကျစီးနင်းနိုင်မှာဖြစ်ပေမဲ့ ထိုင်ခုံနောက်မှီတွေကိုတော့ ခေါက်ချလို့မရပါဘူး။ ဒုတိယအမျိုးအစားကတော့ Executive Rear Seat Package ဖြစ်ပြီး ပထမတစ်ခုထက်ပိုပြီး ဇိမ်ကျသက်သာမှုရှိပါတယ်။ အထူးခြားဆုံးအချက်ကတော့ GT 4-Door ဟာ ကိုယ်ပိုင်မွှေးရနံ့ရှိတဲ့ ပထမဆုံး AMG မိုဒယ်ဖြစ်ပြီး ကုမ္ပဏီကတော့ စွမ်းဆောင်ရည်မြင့် အမှတ်တံဆိပ်နဲ့ လိုက်ဖက်ညီတဲ့ ပြိုင်ကားဆန်ဆန် ဖျတ်လတ်ပေါ့ပါးတဲ့ မွှေးရနံ့အနေနဲ့ တင်စားထားပါတယ်။

စျေးနှုန်းနှင့် ပြိုင်ဘက်

၂ဝ၁၈ ခုနှစ်ရဲ့ နွေရာသီမှာ စျေးကွက်တင်ရောင်းချမယ့် Mercedes AMG GT 4-Door Coupe ဇိမ်ခံကားမိုဒယ်သစ်ရဲ့ စျေးကို အတိအကျမသိရသေးပေမဲ့ AMG GT S ရဲ့ စျေးဟာ အမေရိကန်ဒေါ်လာ ၁၂၉,ဝဝဝ ဖြစ်တာကြောင့် ကျွမ်းကျင်သူတွေကတော့ GT 4-Door Coupe ဟာ ဒေါ်လာ ၁၄ဝ,ဝဝဝ ဝန်းကျင်ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ တံခါးလေးပေါက်နဲ့ အဆင့်မြင့်ဇိမ်ခံကားစျေးကွက်မှာ AMG GT 4-Door Coupe နဲ့ အဓိကပြိုင်ဘက်တွေဖြစ်လာမှာကတော့ Porsche Panamera နဲ့ Aston Martin Rapide တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here