Call Center မှတစ်ဆင့် Register ပြုလုပ်၍ Test Kit စစ်ဆေးခြင်းကို ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသာ ခွင့်ပြုမည်

106

 

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကန်စေရေးနှင့် လျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးတို့အတွက် Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးလိုပါက Call Center နံပါတ် 2019 သို့ ဆက်သွယ်ကြိုတင် စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာထားရာတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ သိရသည်။

Covid-19 ပိုးရှိမရှိ Test Center များ၌ စစ်ဆေးရာတွင် လွယ်ကူမြန်ဆန်မှုရှိစေရန်နှင့် လိုအပ်သော သတင်းအချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်၍ ကုန်သည်စက်မှုအသင်းချုပ်မှ နည်းပညာအသုံးပြုသည့်စနစ်တစ်ခု တည်ဆောက်ကာ ပံ့ပိုးကူညီလျက်ရှိကြောင်း၊ ထို့ပြင် မှတ်ပုံတင်စာရင်းပေးသွင်းရာတွင် ပိုမိုလွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရန်အတွက် Call Center ထားရှိပြီး စာရင်းပေးသွင်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကာ ယခုအခါ ကုန်တင်ယာဉ်မောင်းနှင်သူများ၊ ယာဉ်နောက်လိုက်များမဟုတ်သည့်သူများမှ Call Center မှတစ်ဆင့် မှတ်ပုံတင်၍ Test Center များတွင် လာရောက်စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် အမှန်တကယ်ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသာ စာရင်းပေးသွင်းကြစေလိုကြောင်း UMFCCI က နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးသို့ ကုန်စည်ဝင်ရောက်ရာတွင်လည်းကောင်း၊ အခြား တိုင်းနှင့်ပြည်နယ်များသို့ ကုန်စည်များ ပို့ဆောင်ရာတွင်လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၏ ဝင်ထွက်ပေါက်(Toll Gate) များတွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Covid-19 ပိုးရှိမရှိ စစ်ဆေးရန် Test Center များ ဖွင့်လှစ်၍ စစ်ဆေးပေးနေသည့်အပြင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်လည်း Test Center များ ဖွင့်လှစ်စစ်ဆေးပေးလျက်ရှိကြောင်း UMFCCI မှ ထပ်မံသိရသည်။

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မဟုတ်သူများအနေဖြင့် Test Center များ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် Call Center မှတစ်ဆင့် Register မပြုလုပ်ကြရန်၊ ယင်းသို့ Register ပြုလုပ်၍ လာရောက်စစ်ဆေးပါကလည်း ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အဆိုပါ Call Center ဝန်ဆောင်မှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်ချက်အရ အောက်တိုဘာ ၁၉ ရက်မှစ၍ ဝန်ဆောင်မှုပေးနေကြောင်း UMFCCI က ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here