Bullitt ရုပ်ရှင်ရဲ့နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် 2018 Ford Mustang Bullitt

621

ခေတ်အဆက်ဆက် အထင်ကရအဖြစ်ဆုံး Mustang ပြိုင်ကားတွေထဲမှာ တစ်စီးအပါအဝင်လို့ ဆိုရမယ့် Bullitt ကားမိုဒယ်ဟာ နာမည်ကျော် ဟောလိဝုဒ် မင်းသားကြီး စတိဗ်မက်ကွင်းန် ပါဝင်တဲ့ ကBullitt(1968) ရုပ်ရှင်ဇာတ်လမ်းထဲမှာ ရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ကားစွန့်စား မောင်းနှင်ခန်းအတွက် ပါဝင်အသုံးတော်ခံခဲ့ပါတယ်။ ဆယ်စုနှစ်ငါးခုကျော် ကြာပြီးနောက်မှာတော့ စျေးကွက်ထဲမှာ Bullitt ပြိုင် ကားလေး အသစ်တစ်ဖန်ရောက်ရှိဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ Ford ကားကုမ္ပဏီဟာ Bullitt ရုပ်ရှင်ရဲ့ နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် Mustang Bullitt ပြိုင်ကားမိုဒယ်ကို လွန်ခဲ့တဲ့နှစ်များစွာကတည်းက စတင်ပြင်ဆင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်ရဲ့ ဒိထရွိုက် ကားပြပွဲမှာတော့ ကနဦးကားမိုဒယ်နဲ့အတူ ပွဲထုတ်ပြသခဲ့ပါတယ်။ မူလကားမိုဒယ်ရဲ့ ခြေရာကို နင်းနိုင်တဲ့ Mustang Bullitt ပြိုင်ကားသစ်ဟာ Mustang GT ကို အခြေခံထားတာဖြစ်ပြီး ကားအတွင်းရော အပြင်မှာပါ ထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်တွေ ဖန်တီးထားပေမဲ့ တကယ်တမ်းတော့ GT ထက် ပိုဖျတ်လတ်သလို စွမ်းဆောင်ရည်လည်း ပိုကောင်းပါတယ်။ 2018 Ford Mustang Bullitt ပြိုင်ကားသစ်ကို ၂ဝ၁၈ ခုနှစ် နွေရာသီမှာပဲ စျေးကွက်တင်ရောင်းချမှာဖြစ်ပြီး စျေးကိုတော့ အမေရိကန်ဒေါ်လာ ၄၆,၅၉၅ နဲ့အထက် သတ်မှတ်ထားပါတယ်။ အဲဒီနှုန်းထားဟာ Mustang GT Premium မိုဒယ်ထက်တောင် စျေးပိုကြီးပါတယ်။

မကြာသေးခင်ကမှ ပွဲထုတ်ခဲ့တဲ့ ၂ဝ၁၈ မိုဒယ် Mustang ပြိုင်ကားကိုပဲ အခြေခံတည်ဆောက်ထားတဲ့ Bullitt ကားမိုဒယ်သစ်မှာ အထူးခြားဆုံးကတော့ အသစ်မွမ်းမံထားတဲ့ LED ကားရှေ့မီးတွေ၊ ပုံစံအသစ် ပြောင်းလဲထားတဲ့ ရှေ့မျက်နှာစာ ရှဲလ်(Grille) ၊ Diffuser ဒီဇိုင်းသစ်နဲ့ အသစ်ဖန်တီးထားတဲ့ ကားနောက်မီးပုံစံသစ်တွေပါပဲ။ ဒါပေမဲ့ ကBullitt ပြိုင်ကားသစ်မှာ သူ့ရဲ့မူပိုင်ဒီဇိုင်းသစ်တွေလည်း ပါဝင်ပြီး အဓိကအနေနဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တဲ့ မူလပြိုင်ကားရဲ့ ဒီဇိုင်းအပြင်အဆင်တွေကိုပဲ အခြေခံထားတာပါ။ ကားရှေ့ မျက်နှာစာမှာ အနက်ရောင်ဆန်ခါကွက်တွေနဲ့ ပျားအုံကွက် ဒီဇိုင်းရှဲလ်ပုံစံသစ်ကို တွေ့မြင်နိုင်ပါတယ်။ ရှဲလ်မှာ အမှတ်တံဆိပ်လိုဂို တပ်ဆင်မထားပေမဲ့ ရှဲလ်အပေါ်ဘက်ပေါင်မှာ ခရိုမီရောင်တွေကို ခပ်ပါးပါး အသားပေး ထည့်သွင်းထားပါတယ်။ မူလကားမိုဒယ်ကိုပဲ အခြေခံထားတဲ့ ကားဘေးဘက်မှာတော့ မူလမိုဒယ်တုန်းက တွေ့မြင်ခဲ့ရတဲ့ သမားရိုးကျ Torque Thrust Wheel ဒီဇိုင်းနဲ့ ၁၉ လက်မအရွယ် အလူမီနီယမ်ဘီးတွေ တပ်ဆင်ထားပါတယ်။ ကားဘီးမှာ တွဲဖက်တပ်ဆင်ထားတဲ့ အနီရောင် ဘရိတ်တုံးကတော့ အရင်နဲ့မတူတဲ့ ခေတ်သစ် အပြင်အဆင်တစ်ခုပါပဲ။ ကားအနောက်ဘက်မှာ Diffuser ကို အသစ်မွမ်းမံပြင်ဆင်ထားပြီး ထူးခြားလှပတဲ့ ကားနောက်ဘီးတွေရဲ့ကြား ကားနောက်ဘက်စွန်းရဲ့ အလယ်မှာတော့ ဆီတိုင်ကီဖုံးအဝိုင်းအောက်ခံ နဲ့ Bullitt အမှတ်တံဆိပ်လိုဂိုကို အထင်အရှား တပ်ဆင်ပေးထားပါတယ်။ ကားအနောက်ဘက်ရဲ့ အနိမ့်ဆုံးနေရာမှာတော့ အနက်ရောင် NitroPlate အိပ်ဇောပိုက် ဒီဇိုင်းသစ်ကို တွေ့မြင်ရမှာပါ။ Bullitt ပြိုင်ကားသစ်ကို ကိုယ်ထည်အရောင်နှစ်မျိုးနဲ့ပဲ ရရှိနိုင်ရာမှာ တစ်မျိုးက မူလကားမိုဒယ်လို အစိမ်းပုပ်ရောင်ဖြစ်ပြီး နောက်တစ်မျိုးကတော့ အနက်ရောင်ဖြစ်ပါတယ်။

Bullitt ကားသစ်မှာ အရင်မိုဒယ်လိုပဲ GT အင်ဂျင် ကို ထပ်တိုးအဆင့်မြှင့့််တင်ပေးထားတဲ့ 5.0 Liter V8 အင်ဂျင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၄၈ဝ အား အထိ ထုတ်လုပ်ပေးနိုင်တာကြောင့် သမားရိုးကျ  GT မိုဒယ်ထက် မြင်းကောင်ရေ နှစ်ဆယ်အား ပိုများပါတယ်။ V8 အင်ဂျင်ကိုတော့ Manual ဂီယာနဲ့ပဲ တွဲဖက်ပေးထားပြီး Auto ဂီယာ မပါဝင်ပါဘူး။ ကားရဲ့အမြင့်ဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၁၆၃ မိုင်နှုန်း ဖြစ်တာကြောင့် GT ထက် တစ်နာရီ ရှစ်မိုင်နှုန်းပိုသာပြီး ပိုလည်းဖျတ်လတ်မြန်ဆန်ပါတယ်။ နှစ်ယောက်စီး ကားအတွင်းခန်းမှာ GT ကားမိုဒယ်က ဒီဇိုင်းအပြင်အဆင်တချို့နဲ့အတူ ထူးခြားဆန်းသစ်တဲ့ အပြင်အဆင်တွေ ထည့်သွင်းတပ်ဆင်ထားပါတယ်။ ကားမှာ Premium Package ကို တပ်ဆင်ထားတာကြောင့် Leather အခင်းအကျင်း၊ Display ပိုကြီးတဲ့ Infotainment System ၊ အလူမီနီယမ်ခြေနင်းပြား၊ အဆင့်မြှင့်တင်ထားတဲ့ အသံစနစ်၊ လမ်းကြောင်းပြစနစ်၊ Adaptive Cruise Control နဲ့ မိုးရွာတာကို အာရုံခံလှုပ်ရှားမယ့် ရေသုတ်တံတို့လို ခေတ်မီနည်းပညာအပြင်အဆင်တွေ ပါဝင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here