Brand New (Toyota Vios)

1127

ဒီတစ်ပတ် Brand New ကားဝယ်လမ်းညွှန်ကနေ ၂ဝ၁၆ မိုဒယ် Toyota Vios ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးဟာ ငါးယောက်စီး ဆီဒန်ကားအမျိုးအစားဖြစ်ပြီး ဆီစားနှုန်း သက်သာသလို စျေးနှုန်းလည်း သင့်တင့်တာကြောင့်  မြန်မာနိုင်ငံမှာ  လူကြိုက်များရေပန်းစားတဲ့ ကားတစ်စီး ဖြစ်ပါတယ်။

 

အပြင်ပိုင်း အပြင်အဆင်

===============

Vios ကို ဒီဇိုင်းလှပပြီး ကျစ်လျစ်သိပ်သည်းတဲ့ နောက်ဆုံးပေါ် ဆီဒန်အဖြစ် ထုတ်လုပ်ထားပါတယ်။ အပြင်ပိုင်း ကိုယ်ထည်ကို သုံးဖက် မြင် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး ထင်ရှားတဲ့ ရှေ့ရှဲလ်(Grille) က ကားကို တက်ကြွ ဆန်းသစ်တဲ့ပုံ ပေါ်နေစေပါတယ်။ မြန်မာနိုင်ငံမှာ Vios ကို G Grade နဲ့ J Grade နှစ်မျိုး တင်သွင်းရောင်းချလျက် ရှိပါတယ်။ အပြင်ပိုင်း ဒီဇိုင်းမှာ Grade နဲ့ J Grade ကို အဓိကကွာခြားသွားတာက ရှေ့မီးခွက်နဲ့ တံခါးလက်ကိုင်တို့ပဲ ဖြစ်ပါတယ်။ G Grade ရှေ့မီးကြီးမှာ Halogen Projector မီးကို အသုံးပြုထားပြီး J Grade မှာ Halogen Headlamp ကို အသုံးပြုထားပါတယ်။ တံခါးလက်ကိုင်မှာ ဆိုရင်လည်း G Grade မှာ Plating (D-Smart) ကို အသုံးပြုထားပြီး J Grade မှာ Coloured နဲ့ ဖြစ်သွားပါတယ်။ Vios ရဲ့ ကိုယ်ထည်အရောင်တွေကို တော့ ကိုးမျိုးအထိ ရွေးချယ်ရရှိနိုင်ပါတယ်။

 

အတွင်းပိုင်း အပြင်အဆင်

=================

ကားရဲ့ အတွင်းပိုင်းကိုတော့ သက်သောင့်သက်သာရှိမှုနဲ့ ဇိမ်ကျမှုတွေ ကို ပေါင်းစပ်ထားပါတယ်။ အတွင်းခန်းအရောင်ကို ဆင်စွယ်ရောင်နဲ့ အနက်ရောင် နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ G Grade မှာဆိုရင် Smart-Key အနေနဲ့ ရရှိမှာဖြစ်ပြီး J Grade မှာတော့ Immobilized Key ဖြစ်သွားပါတယ်။ Aircon ကလည်း G Grade မှာ Auto ဖြစ်သွားပြီး J Grade မှာ Maual Aircon အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။ G Grade မှာ Steering Volume Control ပါဝင်လာပြီး J Grade မှာတော့ ပါဝင်လာခြင်းမရှိပါဘူး။ ဖျော်ဖြေရေးအတွက် Grade နှစ်ခုစလုံးမှာ AM ၊ FM ၊ CD Player ၊ USB ပါဝင်ပြီး G Grade မှာ စပီကာ ခြောက်လုံးနဲ့ J Grade မှာ စပီကာ လေးလုံး တပ်ဆင်ထားပါတယ်။

 

အင်ဂျင်အမျိုးအစား

==============

Vios မှာ 1.3 L 1NR-FE ဓာတ်ဆီအင်ဂျင်ကို CVT 7-Speed Automatic ဂီယာနဲ့ တွဲဖက်အသုံးပြုထားပါတယ်။

 

လုံခြုံရေး

=========

လုံခြုံရေးစနစ်တွေအနေနဲ့ ကားရုတ်တရက် ဘရိတ်ဖမ်းတဲ့အခါ စတီယာရင်လော့ခ်မဖြစ်စေဘဲ အတည်ငြိမ်ဆုံး ထိန်းချုပ်နိုင်တဲ့ ABS စနစ်၊ ဘီးတစ်ဘီးချင်းစီအလိုက် မတူညီတဲ့ဘရိတ်ဖိအားတွေ ပို့လွှတ်ပေးတဲ့ EBD စနစ်၊ အရေးပေါ်အခြေအနေမှာ အကောင်းဆုံး ဘရိတ်ဖမ်းပေးနိုင်တဲ့ BA Assist ၊ SRS အသက်ကယ်လေအိတ် နှစ်လုံး၊ ယာဉ်ရှေ့ပိုင်းနဲ့ နောက်ပိုင်းမှာ ပါကင်ထိုးတဲ့အခါ အထောက်အကူပြုနိုင်တဲ့ အာရုံခံကိရိယာ စတာတွေ တပ်ဆင်အသုံးပြုထားပါတယ်။

 

စျေးနှုန်းနှင့် ဝန်ဆောင်မှု

================

၂ဝ၁၆ မိုဒယ် Toyota Vios ရဲ့ စျေးနှုန်းက အမေရိကန်ဒေါ်လာ ၁၉,ဝဝဝ ဝန်းကျင်ဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာရှိတဲ့ Toyota ကား အရောင်းပြခန်းတွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုတွေအနေနဲ့ သုံး နှစ်၊ ဒါမှမဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပြီး အရစ်ကျငွေပေးချေမှု စနစ်နဲ့လည်း ဝယ်ယူရရှိနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here