Brand New ဆိုင်ကယ် စတင်ဝယ်ယူပြီး တစ်လ၊ သို့မဟုတ် ကီလို တစ်ထောင် ပြည့်ချိန်တွင် အင်ဂျင်ဝိုင် နောက်တစ်ကြိမ် လဲလှယ်ပေးခြင်းသည် အင်ဂျင်စွမ်းဆောင်ရည် ပိုကောင်းမွန်စေဟုဆို

172

 

မန္တလေး၊ နိုဝင်ဘာ ၂၃

ကီလို 0 (Zero) ရှိသော ဆိုင်ကယ်သစ် ဝယ်ယူပြီးနောက် တစ်လတိတိ၊ သို့မဟုတ် ကီလို တစ်ထောင်ပြည့်ချိန်တွင် အင်ဂျင်ဝိုင်နောက်တစ်ကြိမ် လဲလှယ်ပေးခြင်းသည် အင်ဂျင်၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက အကြံပြုသည်။

“ကီလို 0 ရှိတဲ့ ဆိုင်ကယ်အသစ်တစ်စီး ဝယ်လိုက်ပြီဆိုရင် တချို့က ဆိုင်ကယ်ထဲမှာပါတဲ့ အင်ဂျင်ဝိုင်ကိုထုတ်ပြီး ချက်ချင်း အသစ်လဲပစ်တာရှိတယ်၊ တကယ်တမ်းက အဲဒီလိုမလုပ်ရဘူး၊ ဆိုင်ကယ်စဝယ်တဲ့အချိန်မှာပါတဲ့ အင်ဂျင်ဝိုင်ကို အင်ဂျင်ကျင့်ဆီလို့ ခေါ်တယ်၊ အဲဒါကို ချက်ချင်းမထုတ်ပစ်ရဘူး၊ တရုတ်ဘီးတွေဆို တစ်ပတ်လောက် အင်ဂျင်ကိုကျင့်ခိုင်းပြီးမှ အင်ဂျင်ဝိုင်ကို နောက်တစ်ကြိမ်လဲ၊ ထိုင်းဘီးတွေဆိုရင် တစ်လလောက်နေမှ Original ပါရှိတဲ့ အင်ဂျင်ကျင့်ဆီကို လဲလှယ်သင့်တယ်၊ အဲဒီလိုပဲ တရုတ်ဘီးတွေလည်း တစ်ပတ်လောက်နေ အင်ဂျင်ဝိုင်လဲပြီးတာနဲ့ နောက်တစ်လပြည့်တဲ့အချိန် ထပ်လဲလှယ်ပေးတာမျိုး လုပ်သင့်တယ်၊ အဓိကကတော့ အင်ဂျင် စအလုပ်လုပ်တဲ့ကာလမှာ ချောချောမွေ့မွေ့အလုပ်လုပ်ပြီး စွမ်းဆောင်ရည်ကောင်းအောင်လို့ပါ” ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးဖြစ်သူ ကိုဇော်ဝင်းက ပြောကြားသည်။

ထိုသို့ ဆိုင်ကယ် Brand New စတင်ဝယ်ယူပြီး တစ်လပြည့်သည့်ရက်၊ သို့မဟုတ် ကီလိုမီတာ တစ်ထောင်ပြည့်သည့်အခါ အင်ဂျင်ဝိုင် နောက်တစ်ကြိမ် အသစ်လဲလှယ်ပေးသင့်ပြီး ဒိုင်ခွက်တွင် ကီလိုမီတာ လေးထောင်ရောက်သည့်အချိန်၌ ထပ်မံ၍ အင်ဂျင်ဝိုင်အသစ် လဲလှယ်ပေးသင့်ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကီလို လေးထောင်၊ သို့မဟုတ် ကီလို ငါးထောင်မှသာ အင်ဂျင်ဝိုင်တစ်ကြိမ် လဲလှယ်ရန် ဆိုင်ကယ်ကုမ္ပဏီများက လမ်းညွှန်မှုရှိသော်လည်း မြန်မာနိုင်ငံအတွင်း စီးနင်းနေကြသော ဆိုင်ကယ်များအနေဖြင့် လမ်းအနေအထားနှင့် ရာသီဥတုအနေအထားအရ ကီလိုမီတာ သုံးထောင်ပြည့်တိုင်း အင်ဂျင်ဝိုင်လဲလှယ်ပေးသင့်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက ထပ်မံပြောဆိုသည်။

“ပြည်ပနိုင်ငံတွေမှာတော့ ကီလို လေးထောင်ပြည့်ရင် အင်ဂျင်ဝိုင်တစ်ကြိမ် လဲရမယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ လမ်းအနေအထားနဲ့ ရာသီဥတုအရ ကီလို သုံးထောင်ပြည့်တိုင်း တစ်ကြိမ်လဲသင့်တယ်၊ တချို့ဝပ်ရှော့တွေမှာတော့ အင်ဂျင်ဝိုင်ကို သုံးလတစ်ကြိမ်လဲရမယ်လို့ပြောကြတယ်၊ အဓိကကတော့ လနဲ့မဆိုင်ဘဲ ကီလိုမီတာ သုံးထောင်ပြည့်တိုင်း လဲလှယ်ပေးတာက ရေရှည်မှာ ကုန်ကျစရိတ် ပိုသက်သာစေတယ်၊ ဒိုင်ခွက်မှာ ကီလိုမီတာ မှန်မှန်ကန်ကန်ပြဖို့ မိုင်းလစ်ကြိုးလည်း ကောင်းမွန်နေဖို့တော့ လိုတာပေါ့” ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးဖြစ်သူ ဦးကျော်မိုးက ဆိုသည်။

ဆိုင်ကယ်အင်ဂျင်၏ အသက်သည် အင်ဂျင်ဝိုင်ဖြစ်သည့်အတွက် အင်ဂျင်ဝိုင်ကို သတ်မှတ်ကီလိုမီတာရောက်တိုင်း သတိပြု၍ ပုံမှန်လဲလှယ်ပေးသင့်ကာ မော်တော်ဆိုင်ကယ်များကို အင်ဂျင်ဝိုင်လဲလှယ်ကြရာတွင်လည်း ဈေးချိုသော အင်ဂျင်ဝိုင်အမျိုးအစားများကို ရွေးချယ်ဝယ်ယူခြင်းထက် အရည်အသွေးကောင်းမွန်ပြီး အာမခံချက်ပေးနိုင်သော နာမည်ရ အင်ဂျင်ဝိုင်များကိုသာ ဝယ်ယူလဲလှယ်သင့်ကြောင်း မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာများက ထပ်မံအကြံပြုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here