Bonded Warehouse လုပ်ကိုင်ခွင့်အတွက်  လျှောက်ထားရာတွင် ပြည်နယ်၊  တိုင်းအစိုးရ၏  ထောက်ခံချက်တင်ပြရမည်

236

ရန်ကုန်၊ ဧပြီ

ကုန်ပစ္စည်း ထားသိုရောင်းချနိုင်သည့် Bonded Warehouse  လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် ပြည်နယ်/တိုင်းအစိုးရ၏ ထောက်ခံချက် တင်ပြရမည် ဖြစ်ကြောင်း   အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

စက်မှုဇုန်နှင့် ဆိပ်ကမ်းနေရာများတွင် မော်တော်ယာဉ်နှင့် ယာဉ်ယန္တရားများ၊ ယာဉ်အပိုပစ္စည်းများနှင့် အခြားသော ပြည်ပပို့ကုန်/သွင်းကုန်များ ထားသိုရောင်းချနိုင်သည့် ကုန်လှောင်ရုံ (Bonded Warehouse) များ လုပ်ကိုင်ခွင့်အတွက် လျှောက်ထားခွင့်ပြုပေးနေပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ Bonded Warehouse တည်ဆောက် လုပ်ကိုင်ခွင့်အတွက် အချက် ၁၂ ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက်ကိုလည်း တင်ပြရမည် ဖြစ်သည်။

”Bonded Warehouse ဥပဒေကို မကြာခင်ကြေညာပေးမှာဖြစ်ပါတယ်၊ လုပ်ကိုင်ခွင့်အတွက် အချက် ၁၂ ချက်နဲ့ ကိုက်ညီဖို့လိုပါတယ်၊ ဒီအချက်တွေထဲမှာ သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရအဖွဲ့ထောက်ခံချက်၊ မီးဘေးအန္တရာယ်နဲ့ လုံခြုံရေးဆောင်ရွက်မယ့် အခြေအနေနဲ့ထားရှိမယ့် ကုန်အမျိုးအစားအကျယ်အဝန်း၊ ကုန်လှောင်ရုံနဲ့သက်ဆိုင်တဲ့ အထောက်အထားတွေလိုပါတယ်၊ တကယ်လို့ လုပ်ကိုင်ခွင့်ရတဲ့အခါမှာလည်း မီး အာမခံထားရမယ်၊ ကုန်လှောင်ရုံအရွယ်အစားအလိုက် ကောက်ခံမယ့် Deposit လည်းပေးရမှာဖြစ်ပါတယ်၊ လုပ်ငန်းလုပ်ကိုင်ခွင့်ကို သုံးနှစ် သတ်မှတ်ထားပြီး ကုန်ပစ္စည်းကိုလည်း သုံးနှစ်အထိ ထားသိုခွင့်ပြုမှာဖြစ်ပါတယ်”ဟု အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Bonded Warehouse လုပ်ကိုင်ခွင့်ကို ဥပဒေပြဌာန်းထားပြီး ယခုနှစ်အတွင်း စတင်ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့် ကုန်ပစ္စည်းထားသိုခွင့်အတွက် သုံးနှစ်သတ်မှတ်ထားသည်။ ဥပဒေတွင် Bonded Warehouse အကျယ်အဝန်းနှင့် ကုန်ပစ္စည်းအပေါ် ကောက်ခံမည့် နှုန်းထားများကိုလည်း ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here