BMW F800GS နှင့် F850GS အကြောင်း သိကောင်းစရာများ အပိုင်း(၅)

79

 

F750GS/F850GS ရဲ့ Parallel Twin 270° Crankshaft အင်ဂျင်မှာ ပိုပြီးထူးခြားတာက Counterbalancer Shaft နှစ်ချောင်းအထိ တပ်ဆင်ထားတာပါ။ Vibration အလွန် နည်းပါးသွားပါတယ်။ Counterbalancer Shaft နှစ်ချောင်းကို Crankshaft ရဲ့ အရှေ့နဲ့အနောက်မှာ နှစ်ဖက်ညှပ်ပြီး တပ်ဆင်ထားတဲ့ပုံစံပါ။ (Honda ရဲ့ CRF1000L မှာ Counterbalancer Shaft တစ်ချောင်းပဲ တပ်ဆင်ထားပြီး Oil Pump နဲ့ Cooling Water Pump တွေကိုပါ မောင်းနှင်ထားစေပါတယ်။) အဲဒါကြောင့် F850GS အနေနဲ့ CRF1000L ကို ယှဉ်ပြိုင်ဖို့အနေနဲ့သာမက အရင်က အားနည်း ချက်ဖြစ်တဲ့ F800GS ရဲ့ Vibration တွေကိုပါ ဖျောက်ဖျက်နိုင်ဖို့ အ လေးထားထုတ်လုပ်လာတာ သိသာလှပါတယ်။ Lubricating အတွက် Dry Sump စနစ်ကိုပဲအသုံးပြုထားပါတယ်။ Oil Tank သီးခြားရှိပြီး ဆီကို Pump နဲ့ဆွဲ၊ အင်ဂျင်အစိတ်အပိုင်းနဲ့ Transmission အစိတ်အပိုင်းတွေဆီ ပေးပို့တဲ့ပုံစံပါ။ ဒါကြောင့် Wet Sump အင်ဂျင်တွေလို အင်ဂျင်ဝမ်းဗိုက်အောက်မှာ Oil Tank မရှိတော့တဲ့အတွက်ကြောင့် Ground Clearance ပိုပြီး မြင့်လာစေပါတယ်။ ဆီတိုင်ကီမှာလည်း အရင်လို ထိုင်ခုံအောက်မှာ မဟုတ်တော့ပါဘူး။ အပေါ်ကို ရောက်သွားပါပြီ။ ဒါကြောင့် အရင်လို Fuel Pump ခဏခဏပျက်တဲ့ ပြဿနာတော့ ကြားရတော့မှာ မဟုတ်ပါဘူး။ ဆီတိုင်ကီက ၁၅ လီတာအထိ ဆံ့ပါတယ်။


Manual ဂီယာ ခြောက်ချက်ပါဝင်ပြီး Final Drive ကို O-Ring ချိန်းကိုပဲ အသုံးပြုထားပါတယ်။ Clutch System မှာ Assist and Slipper Clutch စနစ် ဖြစ်သွားပါပြီ။ အင်ဂျင်က ဆွဲတဲ့အခါမှာ အလွယ် တကူချိတ်ပြီး ဆွဲသွားမယ်၊ နောက်ဘီးက ပြန်ဆွဲတဲ့အခါမှာ Slip ဖြစ်ပြီး ချော်ထွက်စေမယ်ပေါ့။ BMW ကတော့ Anti-Hopping Clutch ဆိုပြီး အမည်ပေးထားပါတယ်။ AC လျှပ်စစ်ထုတ်ပေးတဲ့ Alternator က ၄၁၆ ဝပ်အထိ ထုတ်ပေးနိုင်ပြီး Aux Lights , Mobile Phone Charger နဲ့ GPS ပါဝါတွေကိုတော့ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ပါတယ်။ Frame ကတော့ Steel Bridge ဖရိမ်ဖြစ်ပြီး Monocoque နည်းစနစ်နဲ့ တည်ဆောက်ထားတာပါ။ Monocoque နည်းဆိုတာ ဖရိမ်ထဲမှာ အင်ဂျင် ကို တွဲလျက် တစ်ခါတည်း တည်ဆောက်ထားပြီး အင်ဂျင်ကိုယ်တိုင်ကလည်း ဖရိမ်ကို တောင့်တင်းအောင် ထောက်ပံ့ပေးတဲ့ပုံစံပဲဖြစ်ပါတယ်။ ဖရိမ်နှစ်ခြမ်း ကြားထဲမှာ အင်ဂျင်ကိုညှပ်ထားပြီး တွဲလောင်းချထားတဲ့ ပုံစံပါပဲ။ ကနဦး သတင်းတွေအရ အလူမီနီယမ် Bridge ဖရိမ် ဖြစ်နိုင်တယ်လို့ ယူဆ ကြပေမဲ့ တကယ်တမ်းထွက်လာတော့ Steel Bridge ဖရိမ်နဲ့ ဖြစ်လာပါတယ်။ BMW ရဲ့အဆိုအရ အလူမီနီယမ်ထက်စာရင် Steel က ပိုပြီး တောင့်တင်းကြံ့ခိုင်တယ်၊ အကြမ်းလည်း ခံနိုင်ပါတယ်တဲ့။ (ဒါပေမဲ့ CRF1000L ရဲ့ Steel Semi Double ဖရိမ်လောက်တော့ မခိုင်ခံ့ပါဘူး။ Semi Double ဖရိမ်ဆိုတာကတော့ အင်ဂျင်တစ်ခုလုံးကို ဖရိမ်ပေါ်တင်
ထားပြီး Bolt တွေ၊ Nut တွေနဲ့လည်း ထိန်းချုပ်ထားတာပါ။)


Suspension တွေအနေနဲ့ Showa တံဆိပ် 43mm Inverted Fork ကို တပ်ဆင်ပေးထားပြီး ရှစ်လက်မအထိ Travel ရှိပါတယ်။ ချိန်ညှိလို့တော့ မရပါဘူး။ စက်ရုံက ချိန်ပေးလိုက်တဲ့ Setting ပဲ သုံး ရမှာပါ။ အနောက် Suspension ကတော့ ဂျာမနီတံဆိပ်ဖြစ်တဲ့ ZF Monoshock ဖြစ်ပြီး တွဲဖက်တပ်ဆင်ထားတဲ့ Double Sided အလူ မီနီယမ် Swingarm က ၈ ဒသမ ၆ လက်မအထိ Travel ကစား ပေးနိုင်ပါတယ်။ အနောက် Monoshock မှာ Preload နဲ့ Rebound Damping ကို ချိန်ညှိလို့ရပြီး BMW ရဲ့ESA ခေါ် Electronic Suspension Adjustment System ကို Option အနေနဲ့ ဝယ်ယူလို့ ရပါတယ်။ ရှေ့ဘီးခွေက ၂၁ လက်မနဲ့ နောက်ဘီးခွေကတော့ ၁၇ လက်မ ဖြစ်ပြီး အလူမီနီယမ်ဘီးခွေတွေပဲ ဖြစ်ကြပါတယ်။ Off-Raod အတွက် သင့်တော်တဲ့ Wire Spoke ဘီးခွေတွေဖြစ်ပြီး 90/90-21 နဲ့ 150/70-17 အရွယ်အစား Tubeless တာယာတွေ တပ်ဆင်ပေးထားပါတယ်။ ဘရိတ်တွေ ကတော့ နာမည်ကြီး အီတလီ Brand ဖြစ်တဲ့ Brembo တံဆိပ် ဘရိတ်တွေကို တပ်ဆင်ပေးထားပါတယ်။ ရှေ့ဘရိတ်မှာ 305 mm Disc နှစ်ချပ်နဲ့ Piston နှစ်လုံးပါ Caliper နှစ်ခုကို အသုံးပြုပေးထားပြီး နောက်ဘရိတ်မှာတော့ 265 mm Disc တစ်ချပ် နဲ့ Piston တစ်လုံးပါ Caliper တစ်ခု တပ်ဆင် ပေးထားပါတယ်။ F800GS တုန်းက Exhaust ဘယ်၊ Chain ညာဘက်မှာရှိပေမဲ့ F850GS မှာတော့ Exhaust ညာဘက်နဲ့ Chain Drive က ဘယ်ဘက် ဖြစ်သွားပါပြီ။


Electronic တွေအနေနဲ့ F750GS နဲ့ F8-50GS ပါ Ride by Wire စနစ်ကိုပဲ အသုံးပြု ထားပါတယ်။ ၆ ဒသမ ၅ လက်မ All Digital TFT Screen ဒိုင်ခွက် ၊ABS ၊ Automatic Stability Control ၊ Engine Mode နှစ်ခု ( Road နဲ့ Rain) တွေက Standard အဖြစ် ပါဝင်လာမှာပါ။ Optional အဖြစ်နဲ့ Engine Mode ထဲမှာ Dynamic ၊ Enduro နဲ့ Enduro Pro တွေနဲ့ မှာယူ လို့ရပါတယ်။ Dynamic Traction Control ၊ Electronic Suspension Adjustment ၊ Cornering ABS ၊ Clutch သုံးစရာမလိုတဲ့ Gear Shift Assistant Pro ၊ Heated Grips (အပူပေးနိုင်တဲ့ လက်ကိုင်)၊ Heated Seat (အပူပေးနိုင်တဲ့ထိုင်ခုံ)၊ LED မီးအားလုံး၊ Cruise Control ၊ ဖုန်းခေါ်ဆိုမှုအတွက် Connectivity ၊ အရေးပေါ် ခေါ်ဆိုမှုအတွက် Emergency Call , Pannier ဘေးပုံးတွေနဲ့ နောက်ပုံး တွေ၊ သော့နဲ့ လှည့်ဖွင့် စရာမလိုတဲ့ Keyless Ride System , 91 RON ဓာတ်ဆီနဲ့ ခဲပါဝင်တဲ့ ဓာတ်ဆီ (Leaded RON) အတွက် Fuel Mapping , Low Suspension Version စသဖြင့် Options အများ အပြားကိုလည်း မှာ ယူနိုင်ပါတယ်။ အဲဒါကြောင့် F850GS မှာလည်း R1200GS လိုပဲ Electronics အများအပြား ပါဝင်လာ တာ တွေ့ရမှာပါ။ Electronics အတွက် Control တွေကိုလည်း R1200GS အတိုင်းပဲ ဘယ်ဘက် လက်ကိုင်မှာ Ring ပုံစံ ခလုတ်လေး နဲ့ တပ်ဆင် ပေးထားပါတယ်။
ဆက်လက်
ဖော်ပြပါမည်…
စာဖတ်ရိသတ်များ မော်တော်ဆိုင်ကယ် ဗဟုသုတတွေနဲ့
ပြည့်စုံကြပါစေ …

LEAVE A REPLY

Please enter your comment!
Please enter your name here